ခုဒ္ဒကပါဌပါဠိတော်
၄-ကုမာရပဥှာ
၁။ တစ်ခုသောတရားမည်သည် အဘယ်နည်း? သတ္တဝါဟူသမျှတို့သည် အကြောင်း 'အာဟာရ'လျှင် တည်ရာရှိကုန်၏။
၂။ နှစ်ခုသောတရားမည်သည် အဘယ်နည်း? နာမ်နှင့် ရုပ်တည်း။
၃။ သုံးခုသောတရားမည်သည် အဘယ်နည်း? ဝေဒနာသုံးပါးတို့တည်း။
၄။ လေးခုသောတရားမည်သည် အဘယ်နည်း? အရိယာတို့၏ အမှန်တရား သစ္စာလေးပါးတို့တည်း။
၅။ ငါးခုသောတရားမည်သည် အဘယ်နည်း? (စွဲလမ်းမှု) ဥပါဒါနက္ခန္ဓာငါးပါးတို့တည်း။
၆။ ခြောက်ခုသောတရားမည်သည် အဘယ်နည်း? အတွင်း 'အဇ္ဈတ္တိက' အာယတနခြောက်ပါးတို့တည်း။
၇။ ခုနစ်ခုသောတရားမည်သည် အဘယ်နည်း? ဗောဇ္ဈင်ခုနစ်ပါးတို့တည်း။
၈။ ရှစ်ခုသောတရားမည်သည် အဘယ်နည်း? အင်္ဂါရှစ်ပါးရှိသော အရိယမဂ်တည်း။
၉။ ကိုးခုသောတရားမည်သည် အဘယ်နည်း? သတ္တဝါတို့၏ တည်နေရာ 'သတ္တာဝါသ' ကိုးပါးတို့တည်း။
၁ဝ။ ဆယ်ခုသောတရားမည်သည် အဘယ်နည်း? အင်္ဂါဆယ်ပါးတို့နှင့် ပြည့်စုံသူကို ''ရဟန္တာ''ဟု ဆိုအပ်၏။
ကုမာရပဥှာ ပြီး၏။