သံယုတ္တနိကာယ်—၁၂

၉-အန္တရပေယျာလ

၁-သတ္ထုသုတ်

၇၃။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ရဟန်းတို့ အိုခြင်း 'ဇရာ' သေခြင်း 'မရဏ'ကိုဟုတ်မှန်သောအတိုင်း မသိသူ မမြင်သူသည် အိုခြင်း 'ဇရာ' သေခြင်း 'မရဏ' ၌ဟုတ်မှန်သောအတိုင်း သိခြင်းငှါ ဆရာကို ရှာအပ်၏၊ အိုခြင်း 'ဇရာ' သေခြင်း 'မရဏ' ၌ ဖြစ်ပေါ်ကြောင်းကိုဟုတ်မှန်သောအတိုင်း မသိသူ မမြင်သူသည် အိုခြင်း 'ဇရာ' သေခြင်း 'မရဏ'၏ ဖြစ်ပေါ်ကြောင်း၌ဟုတ်မှန်သောအတိုင်း သိခြင်းငှါ ဆရာကို ရှာအပ်၏၊ အိုခြင်း 'ဇရာ' သေခြင်း 'မရဏ'၏ ချုပ်ရာကိုဟုတ်မှန်သောအတိုင်း မသိသူ မမြင်သူ သည် အိုခြင်း 'ဇရာ' သေခြင်း 'မရဏ'၏ ချုပ်ရာ၌ဟုတ်မှန်သောအတိုင်း သိခြင်းငှါ ဆရာကို ရှာအပ်၏၊ အိုခြင်း 'ဇရာ' သေခြင်း 'မရဏ'၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ကိုဟုတ်မှန်သောအတိုင်း မသိ သူ မမြင်သူသည် အိုခြင်း 'ဇရာ' သေခြင်း 'မရဏ'၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်၌ဟုတ်မှန် သောအတိုင်း သိခြင်းငှါ ဆရာကို ရှာအပ်၏ဟူ၍ (ဟောတော်မူ၏)။ (သုတ္တန်တစ်ခုတည်း)။

ပဌမသုတ်။

[ဤသုတ်အတူ အလုံးစုံသော သုတ်တို့၏ ပေယျာလကို ချဲ့အပ်၏]။

၂-၁၁-ဒုတိယသတ္ထုသုတ် စသည် ဆယ်သုတ်

(၂) ရဟန်းတို့ ပဋိသန္ဓေနေမှု ‘ဇာတိ’ကိုဟုတ်မှန်သောအတိုင်း မသိသူ မမြင်သူသည်။ပ။

(၃) ရဟန်းတို့ ဘဝကိုဟုတ်မှန်သောအတိုင်း မသိသူ မမြင်သူသည်။ပ။

(၄) ရဟန်းတို့ ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’ကိုဟုတ်မှန်သောအတိုင်း မသိသူ မမြင်သူသည်။ပ။

(၅) ရဟန်းတို့ တပ်မက်မှု ‘တဏှာ’ကိုဟုတ်မှန်သောအတိုင်း မသိသူ မမြင်သူသည်။ပ။

(၆) ရဟန်းတို့ ခံစားမှု ‘ဝေဒနာ’ကိုဟုတ်မှန်သောအတိုင်း မသိသူ မမြင်သူသည်။ပ။

(၇) ရဟန်းတို့ တွေ့ထိမှု ‘ဖဿ’ကိုဟုတ်မှန်သောအတိုင်း မသိသူ မမြင်သူသည်။ပ။

(၈) ရဟန်းတို့ သဠာယတနကိုဟုတ်မှန်သောအတိုင်း မသိသူ မမြင်သူသည်။ပ။

(၉) ရဟန်းတို့ နာမ်ရုပ်ကိုဟုတ်မှန်သောအတိုင်း မသိသူ မမြင်သူသည်။ပ။

(၁ဝ) ရဟန်းတို့ ဝိညာဏ်ကိုဟုတ်မှန်သောအတိုင်း မသိသူ မမြင်သူသည်။ပ။

(၁၁) ရဟန်းတို့ သင်္ခါရတို့ကိုဟုတ်မှန်သောအတိုင်း မသိသူ မမြင်သူသည် သင်္ခါရတို့၌ဟုတ်မှန် သောအတိုင်း သိခြင်းငှါ ဆရာကို ရှာအပ်၏၊ သင်္ခါရတို့၏ အကြောင်းကိုဟုတ်မှန်သောအတိုင်း မသိသူ မမြင်သူသည် သင်္ခါရတို့၏ အကြောင်း၌ဟုတ်မှန်သောအတိုင်း သိခြင်းငှါ ဆရာကို ရှာအပ်၏၊ သင်္ခါရတို့၏ ချုပ်ရာကိုဟုတ်မှန်သောအတိုင်း မသိသူ မမြင်သူသည် သင်္ခါရတို့၏ ချုပ်ရာ၌ဟုတ်မှန်သောအတိုင်း သိခြင်းငှါ ဆရာကို ရှာအပ်၏၊ သင်္ခါရတို့၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ကိုဟုတ်မှန်သော အတိုင်း မသိသူ မမြင်သူသည် သင်္ခါရတို့၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်၌ဟုတ်မှန်သော အတိုင်း သိခြင်းငှါ ဆရာကို ရှာအပ်၏ဟု (မိန့်တော်မူ၏)။

ဧကာဒသမသုတ်။

[အလုံးစုံသော သုတ်တို့ကို သစ္စာလေးပါးဖြင့် ခွဲဝေခြင်းကို ပြုအပ်၏]