သံယုတ္တနိကာယ်—၁၃
၁ဝ—ဒုတိယ ပဗ္ဗတသုတ်
၈၃။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏။ ရဟန်းတို့ ဥပမာသော်ကား မုန်ညင်းစေ့မျှ လောက်သော ကျောက်စရစ်ခဲ ခုနစ်ခုတို့သာ ကြွင်းကျန်၍ ဟိမဝန္တာတောင်မင်းသည် ကုန်ခန်းရာ၏။ ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ဟိမဝန္တာတောင်မင်း၏ ကုန်ခန်းပြီး မြေနှင့် ကြွင်းကျန်သော မုန်ညင်းစေ့မျှလောက်သော ကျောက်စရစ်ခဲ ခုနစ်ခုတို့သည် အဘယ်က ပို၍ များသနည်းဟု (မိန့်တော်မူ၏)။
အသျှင်ဘုရား ဟိမဝန္တာတောင်မင်း၏ ကုန်ခန်းသော မြေသည်သာလျှင် များလှပါ၏၊ ကြွင်းကျန်သော မုန်ညင်းစေ့မျှလောက်သော ကျောက်စရစ်ခဲ ခုနစ်ခုတို့သည် နည်းပါးကုန်၏။ ကြွင်းကျန်သော မုန်ညင်းစေ့မျှလောက်သော ကျောက်စရစ်ခဲ ခုနစ်ခုတို့သည် ဟိမဝန္တာတောင်မင်း၏ ကုန်ခန်းသော မြေကို ထောက်ထားလျှင် အစိတ်တစ်ရာ စိတ်၍ တစ်စိတ်ကိုမျှ မမီနိုင်ကုန်၊ အစိတ်တစ်ထောင် စိတ်၍ တစ်စိတ် ကိုမျှ မမီနိုင်ကုန်၊ အစိတ်တစ်သိန်း စိတ်၍ တစ်စိတ်ကိုမျှ မမီနိုင်ပါကုန်။
ရဟန်းတို့ ဤအတူသာလျှင် အရိယာတပည့်ဖြစ်သော ဉာဏ်အမြင်နှင့် ပြည့်စုံသော သစ္စာလေးပါး တရားကို ထိုးထွင်း၍ သိသော ပုဂ္ဂိုလ်အား ကုန်ဆုံးခြင်းသို့ ရောက်သော ဆင်းရဲဒုက္ခသည်သာလျှင် များ၏၊ ကြွင်းကျန်သော ဆင်းရဲဒုက္ခသည်ကား အနည်းငယ်မျှသာတည်း။ ခုနစ်ဘဝအတိုင်းအရှည်ရှိသော ဆင်းရဲအစုသည် ရှေး၌ ကုန်ဆုံးပြီးသော ဆင်းရဲအစုနှင့် နှိုင်းစာသော် အစိတ်တစ်ရာ စိတ်၍ တစ်စိတ် ကိုမျှ မမီနိုင်ကုန်၊ အစိတ်တစ်ထောင် စိတ်၍ တစ်စိတ်ကိုမျှ မမီနိုင်ကုန်၊ အစိတ်တစ်သိန်း စိတ်၍ တစ်စိတ် ကိုမျှ မမီနိုင်ပါကုန်။ ရဟန်းတို့ သစ္စာလေးပါးတရားကို ထိုးထွင်း၍ သိခြင်းသည် ဤသို့ အကျိုးကြီးလှ၏၊ (တရားမျက်စိ) သောတာပတ္တိမဂ်ဉာဏ် ဓမ္မစက္ခုကို ရခြင်းသည် ဤသို့ အကျိုးကြီးလှ၏ဟု (ဟောတော်မူ၏)။
ဒသမသုတ်။