သံယုတ္တနိကာယ်—၁၄
၃—ကမ္မပထဝဂ်
၅—ဒသကမ္မပထသုတ်
၁၁၁။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏။ ရဟန်းတို့ သတ္တဝါတို့သည် ဓာတ်အားဖြင့်သာ လျှင် တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏။ သူ့အသက်ကို သတ်လေ့ရှိသော သူတို့သည် သူ့အသက် ကို သတ်လေ့ရှိသော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ မပေးသည်ကို ခိုးယူလေ့ ရှိသော သူတို့သည်။ပ။ ကာမတို့၌ မှားသောအားဖြင့် ကျင့်လေ့ရှိသော သူတို့သည်။ မဟုတ်မမှန် ပြောဆို လေ့ရှိသော သူတို့သည်။ ကုန်းစကားကို ပြောဆိုလေ့ရှိသော သူတို့သည်။ ကြမ်းတမ်းသော စကားကို ပြောဆိုလေ့ရှိသော သူတို့သည်။ ပြိန်ဖျင်းသော စကားကို ပြောဆိုလေ့ရှိသော သူတို့သည် ပြိန်ဖျင်းသော စကားကို ပြောဆိုလေ့ရှိသော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ (သူတစ်ပါးတို့၏ စည်းစိမ်ကို) မက်မောစိတ်ရှိသော သူတို့သည် (သူတစ်ပါးတို့၏ စည်းစိမ်ကို) မက်မောစိတ်ရှိသော သူတို့ နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ ဖျက်ဆီးလိုသော စိတ်ရှိသော သူတို့သည် ဖျက်ဆီး လိုသော စိတ်ရှိသော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ မှားသော အယူရှိသော သူတို့သည် မှားသော အယူရှိသော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏။
သူ့အသက်ကို သတ်ခြင်းမှ ကြဉ်ရှောင်သော သူတို့သည် သူ့အသက်ကို သတ်ခြင်းမှ ကြဉ်ရှောင်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ မပေးသည်ကို ခိုးယူခြင်းမှ ကြဉ်ရှောင် ကုန်သော သူတို့သည်။ပ။ ကာမတို့၌ မှားသောအားဖြင့် ကျင့်ခြင်းမှ ကြဉ်ရှောင်ကုန်သော သူတို့သည်။ မဟုတ်မမှန် ပြောဆိုခြင်းမှ ကြဉ်ရှောင်သော သူတို့သည်။ ကုန်းစကားကို ပြောဆိုခြင်းမှ။ ကြမ်းတမ်းသော စကားကို ပြောဆိုခြင်းမှ။ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်းမှ ကြဉ်ရှောင်သော သူတို့သည် ပြိန်ဖျင်း သော စကားကို ပြောဆိုခြင်းမှ ကြဉ်ရှောင်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏။ (သူတစ်ပါးတို့၏ စည်းစိမ်ကို) မက်မောစိတ် မရှိသော သူတို့သည် (သူတစ်ပါးတို့၏ စည်းစိမ်ကို) မက်မောစိတ် မရှိသော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏။ ဖျက်ဆီးလိုသော စိတ် မရှိသော သူတို့သည် ဖျက်ဆီးလိုသော စိတ်မရှိသော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ် ကုန်၏၊ မှန်သောအယူရှိသော သူတို့သည် မှန်သောအယူရှိသော သူတို့နှင့်အတူ တပေါင်းတည်း တသား တည်း ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။
ပဉ္စမသုတ်။