သံယုတ္တနိကာယ်—၁၄
၃—ကမ္မပထဝဂ်
၆—အဋ္ဌင်္ဂ ိကသုတ်
၁၁၂။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏။ ရဟန်းတို့ သတ္တဝါတို့သည် ဓာတ်အားဖြင့်သာ လျှင် တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏။ မှားယွင်းသော အယူရှိသော သူတို့သည် မှားယွင်းသော အယူရှိသော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ မှားယွင်းသော အကြံရှိသော သူတို့သည်။ပ။ မှားယွင်းသော စကားရှိသော သူတို့သည်။ မှားယွင်းသော အလုပ်ရှိသော သူတို့သည်။ မှားယွင်းသော အသက်မွေးမှုရှိသော သူတို့သည်။ မှားယွင်းသော အားထုတ်မှုရှိသော သူတို့သည်။ မှားယွင်းသော အောက်မေ့မှုရှိသော သူတို့သည်။ မှားယွင်းသော တည်ကြည်မှုရှိသော သူတို့သည် မှားယွင်းသော တည်ကြည်မှုရှိသော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏။
မှန်ကန်သော အယူရှိသော သူတို့သည် မှန်ကန်သော အယူရှိသော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ မှန်ကန်သော အကြံရှိသော သူတို့သည်။ပ။ မှန်ကန်သော စကားရှိသော သူတို့သည်။ မှန်ကန်သော အလုပ်ရှိသော သူတို့သည်။ မှန်ကန်သော အသက်မွေးမှုရှိသော သူတို့သည်။ မှန်ကန်သော အားထုတ်မှုရှိသော သူတို့သည်။ မှန်ကန်သော အောက်မေ့မှုရှိသော သူတို့သည်။ မှန်ကန် သော တည်ကြည်မှုရှိသော သူတို့သည် မှန်ကန်သော တည်ကြည်မှုရှိသော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏ဟု (ဟောတော်မူ၏)။
ဆဋ္ဌသုတ်။