သံယုတ္တနိကာယ်—၁၄
၁—နာနတ္တဝဂ်
၈—နော ပရိယေသနာ နာနတ္တသုတ်
၉၂။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏။ ရဟန်းတို့ ဓာတ်အမျိုးမျိုးကို စွဲ၍ သညာ အမျိုးမျိုး ဖြစ်၏၊ သညာအမျိုးမျိုးကို စွဲ၍ သင်္ကပ္ပအမျိုးမျိုး ဖြစ်၏၊ သင်္ကပ္ပအမျိုးမျိုးကို စွဲ၍ ဆန္ဒ အမျိုးမျိုး ဖြစ်၏၊ ဆန္ဒအမျိုးမျိုးကို စွဲ၍ ပရိဠာဟအမျိုးမျိုး ဖြစ်၏၊ ပရိဠာဟအမျိုးမျိုးကို စွဲ၍ ပရိ ယေသနအမျိုးမျိုး ဖြစ်၏။ ပရိယေသနအမျိုးမျိုးကို စွဲ၍ ပရိဠာဟအမျိုးမျိုး မဖြစ်၊ ပရိဠာဟအမျိုးမျိုးကို စွဲ၍ ဆန္ဒအမျိုးမျိုး မဖြစ်၊ ဆန္ဒအမျိုးမျိုးကို စွဲ၍ သင်္ကပ္ပ အမျိုးမျိုး မဖြစ်၊ သင်္ကပ္ပအမျိုးမျိုးကို စွဲ၍ သညာအမျိုးမျိုး မဖြစ်၊ သညာအမျိုးမျိုးကို စွဲ၍ ဓာတ်အမျိုးမျိုး မဖြစ်။ ရဟန်းတို့ ဓာတ်အမျိုးမျိုး ဟူသည် အဘယ်နည်း၊ ရူပဓာတ်။ပ။ ဓမ္မဓာတ်တို့တည်း။ ရဟန်းတို့ ဤသည်ကို ဓာတ်အမျိုးမျိုးဟု ဆိုအပ်၏။
ရဟန်းတို့ အဘယ်သို့လျှင် ဓာတ်အမျိုးမျိုးကို စွဲ၍ သညာအမျိုးမျိုး ဖြစ်သနည်း၊ သညာ အမျိုးမျိုးကို စွဲ၍။ပ။ ပရိယေသနအမျိုးမျိုး ဖြစ်သနည်း။ ပရိယေသနအမျိုးမျိုးကို စွဲ၍ ပရိဠာဟ အမျိုးမျိုး မဖြစ်သနည်း၊ ပရိဠာဟအမျိုးမျိုးကို စွဲ၍ ဆန္ဒအမျိုးမျိုး မဖြစ်သနည်း၊ ဆန္ဒအမျိုးမျိုးကို စွဲ၍ သင်္ကပ္ပအမျိုးမျိုး မဖြစ်သနည်း၊ သင်္ကပ္ပအမျိုးမျိုးကို စွဲ၍ သညာအမျိုးမျိုး မဖြစ်သနည်း၊ သညာ အမျိုးမျိုးကို စွဲ၍ ဓာတ်အမျိုးမျိုး မဖြစ်သနည်း။
ရဟန်းတို့ ရူပဓာတ်ကို စွဲ၍ ရုပ်၌ ဖြစ်သော မှတ်သားမှု ‘ရူပသညာ’ ဖြစ်၏။ပ။ ဓမ္မဓာတ်ကို စွဲ၍ သဘောတရား သဘာဝ၌ ဖြစ်သော မှတ်သားမှု ‘ဓမ္မသညာ’ ဖြစ်၏၊ ဓမ္မသညာကို စွဲ၍။ပ။ သဘော တရားတို့ကို ရှာမှီးခြင်း ‘ဓမ္မပရိယေသန’ ဖြစ်၏။ ဓမ္မပရိယေသနကို စွဲ၍ သဘောတရားတို့၌ ဖြစ်သော ပူပန်မှု ‘ဓမ္မပရိဠာဟ’ မဖြစ်၊ ဓမ္မပရိဠာဟကို စွဲ၍ကား သဘောတရားတို့၌ အလို ‘ဓမ္မစ္ဆန္ဒ’ မဖြစ်၊ ဓမ္မစ္ဆန္ဒကို စွဲ၍ သဘောတရားတို့ကို ကြံစည်မှု ‘ဓမ္မသင်္ကပ္ပ’ မဖြစ်၊ ဓမ္မသင်္ကပ္ပကို စွဲ၍ သဘောတရားတို့၌ မှတ်သားမှု ‘ဓမ္မသညာ’ မဖြစ်၊ ဓမ္မသညာကို စွဲ၍ သဘောတရား ‘ဓမ္မဓာတ်’ မဖြစ်။
ရဟန်းတို့ ဤသို့လျှင် ဓာတ်အမျိုးမျိုးကို စွဲ၍ သညာအမျိုးမျိုး ဖြစ်၏၊ သညာအမျိုးမျိုးကို စွဲ၍။ပ။ ပရိယေသနအမျိုးမျိုး ဖြစ်၏။ ပရိယေသနအမျိုးမျိုးကို စွဲ၍ ပရိဠာဟအမျိုးမျိုး မဖြစ်၊ ပရိဠာဟ အမျိုးမျိုးကို စွဲ၍ ဆန္ဒအမျိုးမျိုး မဖြစ်၊ ဆန္ဒအမျိုးမျိုးကို စွဲ၍ သင်္ကပ္ပအမျိုးမျိုး မဖြစ်၊ သင်္ကပ္ပ့အမျိုးမျိုးကို စွဲ၍ သညာအမျိုးမျိုး မဖြစ်၊ သညာအမျိုးမျိုးကို စွဲ၍ ဓာတ်အမျိုးမျိုး မဖြစ်ဟု (ဟောတော်မူ၏)။
အဋ္ဌမသုတ်။