သံယုတ္တနိကာယ်—၁၇
၂—ဒုတိယဝဂ်
၁—သုဝဏ္ဏပါတိသုတ်
၁၆၇။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ လာဘ်ပူဇော်သကာ အကျော်အစောသည် ခက်ထန်၏။ပ။ ရခြင်း၏ အန္တရာယ်ကို ပြုတတ်၏၊ ရဟန်းတို့ ငါဘုရားသည် “ဤအသျှင်သည် ငွေမှုန့်တို့ဖြင့် ပြည့်သော ရွှေခွက်ဟူသော အကြောင်းကြောင့်သော်လည်း သိလျက် ချွတ်ယွင်းသော စကားကို မပြောဆိုရာ”ဟု အချို့ သော ပုဂ္ဂိုလ်၏ စိတ်ကို မိမိစိတ်ဖြင့် ပိုင်းခြား၍ သိ၏၊ ထိုသူကို တစ်ပါးသော အခါ၌ လာဘ်ပူဇော်သကာ အကျော်အစော နှိပ်စက်အပ်သည် သိမ်းကျုံးယူငင်အပ်သော စိတ်ရှိသည်ဖြစ်၍ သိလျက် ချွတ်ယွင်းသော စကားကို ပြောဆိုနေသည်ကို တွေ့မြင်ရ၏၊ ရဟန်းတို့ ဤသို့လျှင် လာဘ်ပူဇော်သကာ အကျော်အစော သည် ခက်ထန်၏။ပ။ ရဟန်းတို့ ဤသို့လျှင် သင်တို့ ကျင့်ရမည်ဟု (ဟောတော်မူ၏)။
ပဌမသုတ်။