သံယုတ္တနိကာယ်—၁၇

၁—ပဌမဝဂ်

၁ဝ—သဂါထကသုတ်

၁၆၆။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ လာဘ်ပူဇော်သကာ အကျော်အစောသည် ခက်ထန်၏။ပ။ ရခြင်း၏ အန္တရာယ်ကို ပြုတတ်၏၊ ရဟန်းတို့ လာဘ်ပူဇော်သကာ အကျော်အစော နှိပ်စက်အပ်သည် သိမ်းကျုံး ယူငင်အပ်သော စိတ်ရှိသည် ဖြစ်ရကား ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသောလားရာ ပျက်စီးကျရောက်ရာဖြစ်သော ငရဲ၌ ဖြစ်သော အချို့သော ပုဂ္ဂိုလ်ကို ငါ မြင်ရ၏။

ရဟန်းတို့ လာဘ်ပူဇော်သကာ အကျော်အစော မရခြင်း နှိပ်စက်အပ်သည် သိမ်းကျုံးယူငင်အပ်သော စိတ်ရှိသည် ဖြစ်ရကား ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်း သောလားရာ ပျက်စီးကျရောက်ရာဖြစ်သော ငရဲ၌ ဖြစ်သော အချို့သော ပုဂ္ဂိုလ်ကို ငါ မြင်ရ၏။

ရဟန်းတို့ လာဘ်ပူဇော်သကာ ရရှိခြင်း လာဘ်ပူဇော်သကာ မရခြင်း ထိုနှစ်ပါးစုံသည် နှိပ်စက်အပ် သည် သိမ်းကျုံးယူငင်အပ်သော စိတ်ရှိသည် ဖြစ်ရကား ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသောလားရာ ပျက်စီးကျရောက်ရာဖြစ်သော ငရဲ၌ ဖြစ်သော အချို့သော ပုဂ္ဂိုလ်ကို ငါ မြင်ရ၏။

ရဟန်းတို့ ဤသို့လျှင် လာဘ်ပူဇော်သကာ အကျော်အစောသည် ခက်ထန်၏။ပ။ ရဟန်းတို့ ဤသို့ လျှင် သင်တို့ ကျင့်ရမည်၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူပြီးနောက် ဤဂါထာကို မိန့်တော်မူ၏—

“မမေ့မလျော့ နေလေ့ရှိသော အရိုအသေ ပြုထိုက်သော အကြင်ရဟန္တာပုဂ္ဂိုလ်၏ သမာဓိသည် ပူဇော်သကာ ရခြင်းကြောင့်လည်းကောင်း၊ ပူဇော်သကာ မရခြင်း ကြောင့်လည်းကောင်း၊ နှစ်ပါးစုံသော အကြောင်းကြောင့်လည်းကောင်း မတုန်လှုပ်။

မကောင်းမှုကို ဖုတ်ကြည်းတတ်သော၊ (သမာပတ် ဝင်စား၍ နေခြင်းကို) အမြဲ မပြတ်ပြုလေ့ရှိသော၊ သိမ်မွေ့သော (အရဟတ္တမဂ်) ဉာဏ်ဖြင့် ကောင်းစွာ ရှုတတ် သော၊ ဥပါဒါန်တို့၏ ကုန်ရာ နိဗ္ဗာန်၌ မွေ့လျော်သော ထိုပုဂ္ဂိုလ်တို့ကို သူတော် ကောင်းဟု ဆိုကုန်၏”ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

ပဌမဝဂ် ပြီး၏။