သံယုတ္တနိကာယ်—၂

၃—နာနာတိတ္ထိယဝဂ်

၄—ဃဋိကာရသုတ်

၁ဝ၅။ တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် ဃဋီကာရနတ်သားသည် မြတ်စွာဘုရား၏ ထံတော် ပါး၌ ဤဂါထာကို လျှောက်၏

“အဝိဟာဘုံသို့ ရောက်ကုန်သော (ကိလေသာတို့မှ) လွတ်ကုန်သော စွဲမက်ခြင်း ‘ရာဂ’ , အမျက်ထွက်ခြင်း ‘ဒေါသ’ ကုန်ပြီးကုန်သော လောက၌ ကပ်ငြိမှု ‘တဏှာ’ကို ကူးမြောက်ကုန်ပြီးသော ရဟန်းခုနစ်ယောက်တို့သည် အဘယ်သူတို့နည်း၊

အဘယ်ရဟန်းတို့သည် သေမင်း၏ တည်ရာ ဖြစ်သော ကူးမြောက်နိုင်ခဲသော (ကိလေသာ) ညွန်ပျောင်းကို ကူးမြောက်ကုန်သနည်း၊ အဘယ်ရဟန်းတို့သည် လူ၌ ဖြစ်သော ကိုယ်ကို စွန့်၍ နတ်ပြည်၌ ဖြစ်ကြောင်း (သံယောဇဉ်) ကို လွန်မြောက် ကုန်သနည်း”ဟု (လျှောက်၏)။

ဥပက, ပလဂဏ္ဍ, ပုက္ကုသာတိဟူသော ထိုသုံးယောက်တို့လည်းကောင်း၊ ဘဒ္ဒိယ, ခဏ္ဍဒေဝ, ဗာဟုရဂ္ဂိ, သိင်္ဂိယတို့၏လည်းကောင်း ထိုခုနစ်ယောက်တို့သည် လူ၌ ဖြစ်သော ကိုယ်ကို စွန့်ကုန်၍ နတ်ပြည်၌ ဖြစ်ကြောင်း (သံယောဇဉ်) ကို လွန် မြောက်ကုန်၏ဟု (မိန့်တော်မူ၏)။

မာရ်မင်း၏ ကျော့ကွင်းကို ပယ်တတ်ကုန်သော ထိုရဟန်းတို့၏ အပြစ်မရှိခြင်းကို ပြောဆို၏၊ ထိုသူတို့သည် အဘယ်သူ၏ တရားကို သိကုန်၍ ဘဝအနှောင်အဖွဲ့ကို ဖြတ်ကုန်သနည်း။

ထိုသူတို့သည် မြတ်စွာဘုရား၏ တရားကို သိ၍ ဘဝအနှောင်အဖွဲ့ကို ဖြတ်ကာ ထိုမြတ်စွာဘုရားကို ကြဉ်ထား၍ ဘဝအနှောင်အဖွဲ့ကို မဖြတ်နိုင်ကုန်၊ အသျှင်ဘုရား၏ အဆုံးအမတော်ကို ကြဉ်ထား၍ ဘဝအနှောင်အဖွဲ့ကို ဖြတ်နိုင်သည် မဟုတ်ကုန်။

အကြင်နိဗ္ဗာန်၌ နာမ်သည်လည်းကောင်း၊ ရုပ်သည်လည်းကောင်း အကြွင်းမဲ့ ချုပ်၏။ ဤသာသနာတော်၌ ထိုသူတို့သည် ထို (နိဗ္ဗာန်) တရားကို သိကုန်၍ ဘဝ အနှောင်အဖွဲ့ကို ဖြတ်ကုန်၏ဟု (လျှောက်၏)။

နက်နဲသော သိနိုင်ခဲသော လွန်စွာ သိနိုင်ခဲသော စကားကို ဆိုဘိ၏၊ သင်သည် အဘယ်သူ၏ တရားကို သိ၍ ဤသို့ သဘောရှိသော စကားကို ဆိုဘိသနည်းဟု (မေးတော်မူ၏)။

အကျွန်ုပ်သည် ရှေးအခါက ဝေကဠိင်္ဂရွာ၌ ဃဋီကာရအိုးထိန်းသည် ဖြစ်ခဲ့ဖူးပါ၏၊ အမိ်အဖကို လုပ်ကျွေးခဲ့၏၊ ကဿပမြတ်စွာဘုရား၏ ဥပါသကာ ဖြစ်ခဲ့ဖူး၏။

မေထုန်အကျင့်မှ ရှောင်ကြဉ်ခဲ့ပါ၏၊ အာမိသကင်းသည် ဖြစ်၍ အကျင့်မြတ်ကို ကျင့်လေ့ရှိခဲ့ပါ၏၊ အသျှင်ဘုရားနှင့် တစ်ရွာတည်းနေ ဖြစ်ခဲ့ဖူးပါ၏၊ ရှေးအခါက အသျှင်ဘုရားနှင့် အဆွေခင်ပွန်း ဖြစ်ခဲ့ဖူးပါ၏။

ထိုအကျွန်ုပ်သည် တပ်မက်မှု ‘ရာဂ’, အမျက်ထွက်မှု ‘ဒေါသ’ ကုန်ပြီးသော လောက၌ ကပ်ငြိမှု ‘တဏှာ’ကို ကူးမြောက်ကုန်ပြီးသော ထိုရဟန်း ခုနစ်ယောက်တို့ကို သိပါ၏ဟု (လျှောက်၏)။

အိုးထိန်းသည် အကြင်အခြင်းအရာအားဖြင့် ထိုအကြောင်းကို ဆို၏၊ ထိုအခါက ဤအတိုင်း ဖြစ်ဖူးပြီ၊ ရှေးအခါက ဝေကဠိင်္ဂရွာ၌ ဃဋီကာရအိုးထိန်းသည် ဖြစ်ခဲ့ ဖူး၏၊ အမိအဖကို လုပ်ကျွေးခဲ့၏၊ ကဿပမြတ်စွာဘုရား၏ ဥပါသကာ ဖြစ်ခဲ့ ဖူး၏။

မေထုန်အကျင့်မှ ရှောင်ကြဉ်ခဲ့၏၊ အာမိသကင်းသည် ဖြစ်၍ အကျင့်မြတ်ကို ကျင့် လေ့ရှိခဲ့ပါ၏၊ ငါနှင့် တစ်ရွာတည်းနေ ဖြစ်ခဲ့ဖူးပါ၏၊ ငါ၏ အဆွေခင်ပွန်း ဖြစ်ခဲ့ဖူး၏။

ရှေးက အပေါင်းအဖော် ဖြစ်ခဲ့ဖူးကုန်သော ပွားများအပ်သော စိတ်ရှိကုန်သော အဆုံးစွန်သော ကိုယ်ကို့ဆောင်ကုန်သော နှစ်ယောက်ကုန်သော ဤသူတို့၏ ဤသို့ သော ပေါင်းဆုံမိခြင်းသည် ဖြစ်သတည်းဟု (မိန့်တော်မူ၏)။