သံယုတ္တနိကာယ်—၂၁

၄—နဝသုတ်

၂၃၈။ သာဝတ္ထိနိဒါန်း။ ထိုအခါ ရဟန်းသစ်တစ်ပါးသည် ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှ ဖဲခဲ့သည် ရှိသော် ကျောင်းသို့ ဝင်၍ ကြောင့်ကြမဲ့ ဆိတ်ဆိတ် နေထိုင်၏၊ သင်္ကန်းချုပ်ရာ အခါသမယ၌ ရဟန်းတို့၏ အမှုကြီးငယ်ကို မပြုလုပ်၊ ထိုအခါ များစွာသော ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေကုန်ပြီးသော် မြတ်စွာဘုရားအား “အသျှင်ဘုရား ရဟန်းသစ်တစ်ပါးသည် ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှ ဖဲခဲ့သည်ရှိသော် ကျောင်းသို့ ဝင်၍ ကြောင့်ကြမဲ့ ဆိတ်ဆိတ် နေထိုင်ပါ၏၊ သင်္ကန်းချုပ်ရာ အခါသမယ၌ ရဟန်းတို့၏ အမှုကြီးငယ်ကို မပြုလုပ်ပါ”ဟု (လျှောက်ကုန်၏)။

ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတစ်ပါးကို “ရဟန်း သင်သည် လာလော့၊ ငါဘုရား၏ စကားဖြင့် ထိုရဟန်းသစ်ကို ခေါ်ချေလော့၊ ‘ငါ့သျှင် မြတ်စွာဘုရားသည် သင့်ကို ခေါ်တော်မူ၏’ဟု ဆိုချေလော့”ဟု မိန့်တော်မူ၏။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းသည် မြတ်စွာဘုရားအား ပြန်လျှောက်ပြီးလျှင် ထိုရဟန်းသစ်ထံသို့ ချဉ်းကပ်၏။ ထိုရဟန်းသစ်အား “ငါ့သျှင် မြတ်စွာဘုရား သင့်ကို ခေါ်တော်မူ၏”ဟု ဆို၏၊ “ငါ့သျှင် ကောင်းပါပြီ”ဟု ထိုရဟန်းသစ်သည် ထိုခေါ်လာသော ရဟန်းအား ဝန်ခံကာ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေသော ထိုရဟန်းအား မြတ်စွာဘုရားသည် “ရဟန်း သင်သည် ဆွမ်းစားပြီးနောက်၌ ဆွမ်းခံရွာမှ ဖဲခဲ့သည်ရှိသော် ကျောင်းသို့ ဝင်၍ ကြောင့်ကြမဲ့ ဆိတ်ဆိတ် နေ၏၊ သင်္ကန်းချုပ်ရာ အခါ သမယ၌ ရဟန်းတို့၏ အမှုကြီးငယ်ကို မပြုလုပ်ဟူသည် မှန်သလော”ဟု (မိန့်တော်မူ၏)၊ အသျှင်ဘုရား အကျွန်ုပ်ကား မိမိကိစ္စကို ပြုပါသည်ဟု လျှောက်၏။ ထိုအခါ မြတ်စွာဘုရားသည် ထိုရဟန်း၏ စိတ်ကို မိမိစိတ်ဖြင့် သိ၍ “ရဟန်းတို့ သင်တို့သည် ဤရဟန်းကို မကဲ့ရဲ့ကုန်လင့်၊ ရဟန်းတို့ ဤရဟန်းသည် အလွန်မြတ်သော စိတ်ကို မှီ၍ ဖြစ်ကုန်သော မျက်မှောက်၌ ချမ်းသာစွာ နေကြောင်းဖြစ်ကုန်သော လေးပါး သော ဈာန်တို့ကို အလိုရှိတိုင်း ရ၏၊ မငြိုမငြင် ရ၏၊ မပင်ပန်းသဖြင့် ရ၏၊ လူ့ဘောင်မှ ရဟန်း ဘောင်သို့ ဝင်ရောက် (ရဟန်းပြု) ကုန်သော အမျိုးကောင်းသားများ လိုလားအပ်သော အတုမရှိသော အကျင့်မြတ်၏ အဆုံးဖြစ်သော အရဟတ္တဖိုလ်အကျိုးကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေရ၏”ဟူသော စကားကို မြတ်စွာဘုရားသည် မိန့်တော်မူ၏။ ထို့နောက် မြတ်စွာဘုရားသည် ဤဂါထာကို ဟောတော်မူ၏—

“အလုံးစုံသော ဆင်းရဲတို့မှ လွတ်ရာဖြစ်သော ဤနိဗ္ဗာန်သို့ ပေါ့ပေါ့ လျော့လျော့ အားထုတ်ခြင်းကြောင့် မရောက်နိုင်ရာ၊ အနည်းငယ်သာ ဖြစ်သော အားအစွမ်းဖြင့် ဤနိဗ္ဗာန်သို့ မရောက်။

ဤသူသည်ကား ရဟန်းသစ်တည်း၊ ဤသူကား ယောကျာ်းမြတ်တည်း၊ စစ်သည် ဗိုလ်ပါနှင့် တကွသော မာရ်ကို အောင်နိုင်ခြင်းကြောင့် အဆုံးစွန်သော ကိုယ်ကို ဆောင်၏”ဟု (ဟောတော်မူ၏)။

စတုတ္ထသုတ်။