သံယုတ္တနိကာယ်—၂၂
(၁၁) ၁—အန္တဝဂ်
၁ဝ—ဒုတိယ ဆန္ဒပ္ပဟာနသုတ်
၁၁၂။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ရုပ်၌ လိုချင်မှု စွဲမက်မှု နှစ်သက်မှု တပ်မက်မှု ကပ်ရောက် စွဲ့လမ်းမှု စိတ်၏ ဆောက်တည်မှု အမှားနှလုံးသွင်းမှု အနုသယတို့ကို ပယ်ကြကုန်လော့။ ဤသို့ ပယ်သည်ရှိသော် ထိုရုပ်သည် ပယ်အပ်ပြီး အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်အပ်ပြီး။ပ။ ဝေဒနာ၌ ။ သညာ၌ ။ သင်္ခါရတို့၌ လိုချင်မှု။ပ။ ဤသို့ ပယ်သည်ရှိသော် ထိုသင်္ခါရတို့သည် ပယ်အပ်ပြီး အမြစ်ရင်းကို အကြွင်းမဲ့ဖြတ်အပ်ပြီး နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုအပ်ပြီး နောင်တစ်ဖန် မဖြစ်အောင် ပြုအပ်ပြီး နောင်အခါဖြစ်ပေါ်ခြင်းသဘော မရှိပြီး ဖြစ်ကုန်လတ္တံ့။ ဝိညာဏ်၌ လိုချင်မှု စွဲမက်မှု နှစ်သက်မှု တပ်မက်မှု ကပ်ရောက်စွဲလမ်းမှု စိတ်၏ ဆောက်တည်မှု အမှားနှလုံးသွင်းမှု အနုသယတို့ကို ပယ်ကြကုန်လော့။ ဤသို့ပယ်သည်ရှိသော် ထိုဝိညာဏ်သည် ပယ်အပ်ပြီး အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်အပ်ပြီး နုတ်ပြီးသောထန်းပင်ရာကဲ့သို့ ပြုအပ်ပြီး နောင်တစ်ဖန် မဖြစ်အောင် ပြုအပ်ပြီး နောင်တစ်ဖန် ဖြစ်ပေါ်ခြင်းသဘောမရှိပြီး ဖြစ်လတ္တံ့ဟု (မိန့်တော်မူ၏)။
ဒသမသုတ်။
ရှေးဦးစွာသော အန္တဝဂ် ပြီး၏။