သံယုတ္တနိကာယ်—၂၂
၁—နကုလပိတုဝဂ်
၄—ဒုတိယ ဟာလိဒ္ဒိကာနိသုတ်
၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—အခါတစ်ပါး၌ အသျှင်မဟာကစ္စည်းသည် အဝနိ ္တတိုင်းကုလဃရမြို့ တောင်ကမ်းပါးပြတ်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ဟာလိဒ္ဒိကာနိသူကြွယ်သည်အသျှင်မဟာကစ္စည်းထံသို့။ပ။ တစ်ခုသော နေရာ၌ ထိုင်ပြီးသော် ဤစကားကို လျှောက်၏၊ “အသျှင်ဘုရား သက္ကပဥှာသုတ်၌ ‘တဏှာကုန်သဖြင့် ကိလေသာမှ လွတ်ကုန်သောသမဏဗြာဟ္မဏတို့သည် စင်စစ် ပြီး ဆုံးခြင်းသို့ ရောက်ကုန်၏၊ စင်စစ် ယောဂကုန်ခြင်း ရှိကုန်၏၊ စင်စစ် မြတ်သောအကျင့် ရှိကုန်၏၊ စင်စစ် သံသရာအဆုံး ရှိကုန်၏၊ နတ်,လူတို့တွင် အမြတ်ဆုံးဖြစ်ကုန်၏ ‘ဟူသော ဤစကားကို မြတ်စွာဘုရား ဟောထားတော်မူ၏၊ အသျှင်ဘုရား မြတ်စွာဘုရားသည်အကျဉ်းဟောထားသော ဤစကား၏ အကျယ် ဖြစ်သော အနက်ကို အဘယ်သို့ မှတ်ရပါမည်နည်း”ဟုလျှောက်၏။
သူကြွယ် ရုပ်ဓာတ်၌ စိတ်တည်ရာ အမှားနှလုံးသွင်းရာ ကိန်းဝပ်ရာဖြစ်ကုန်သော လိုချင်မှု စွဲမက်မှုနှစ်သက်မှု တပ်မက်မှု ကပ်ရောက်မှု စွဲလမ်းမှုတို့ ကုန်ခြင်းကြောင့် တပ်မက်ခြင်း ကင်းခြင်းကြောင့် ချုပ်ခြင်းကြောင့် စွန့်ခြင်းကြောင့် မငြိကပ်ခြင်းကြောင့် “စိတ်သည် ကိလေသာတို့မှ ကောင်းစွာ လွတ်မြောက်၏ “ဟု ဆိုရ၏၊ သူကြွယ် ခံစားမှု ‘ဝေဒနာ’ဓာတ်၌ ။ပ။ သူကြွယ် မှတ်သားမှု ‘သညာ’ဓာတ်၌ ။ သူကြွယ့်ပြုပြင်မှု ‘သင်္ခါရ’ဓာတ်၌ ။ သိမှု ‘ဝိညာဏ်’ ဓာတ်၌ စိတ်တည်ရာ အမှားနှလုံးသွင်းရာ ကိန်းဝပ်ရာဖြစ်ကုန်သော လိုချင်မှု စွဲမက်မှု နှစ်သက်မှု တပ်မက်မှု ကပ်ရောက်မှု စွဲလမ်းမှုတို့ ကုန်ခြင်းကြောင့် တပ်မက်ခြင်းကင်းခြင်းကြောင့် ချုပ်ခြင်းကြောင့် စွန့်ခြင်းကြောင့် မငြိကပ်ခြင်းကြောင့် “စိတ်သည် ကိလေသာတို့မှကောင်းစွာ လွတ်မြောက်၏ “ဟု ဆိုရ၏။
သူကြွယ် ဤသို့လျှင် သက္ကပဥှာသုတ်၌ “တဏှာကုန်သဖြင့် ကိလေသာမှ လွတ်ကုန်သော သမဏဗြာဟ္မဏတို့သည် စင်စစ် ပြီးဆုံးခြင်းသို့ ရောက်ကုန်၏၊ စင်စစ် ယောဂကုန်ခြင်း ရှိကုန်၏၊ စင်စစ် မြတ်သောအကျင့် ရှိကုန်၏၊ စင်စစ် သံသရာအဆုံး ရှိကုန်၏၊ နတ်,လူတို့တွင် အမြတ်ဆုံးဖြစ်ကုန်၏ “ဟူသော ဤစကားကို မြတ်စွာဘုရား ဟောထား၏၊ သူကြွယ် မြတ်စွာဘုရား အကျဉ်းဟောထားတော်မူသော ဤစကား၏ အကျယ်ဖြစ်သော အနက်ကို ဤသို့ မှတ်အပ်၏ဟု (မိန့်ဆို၏)။
စတုတ္ထသုတ်။