သံယုတ္တနိကာယ်—၂၂

၅—အတ္တဒီပဝဂ်

၈—ဒုတိယ သောဏသုတ်

၅ဝ။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်ရှဉ့်နက်တို့ကို အစာကျွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါသူကြွယ်သား သောဏသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေသော သူကြွယ်သား သောဏအား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—

သောဏ သမဏဗြာဟ္မဏ အချို့တို့သည် ရုပ်ကို မသိကုန်၊ ရုပ်ဖြစ်ပေါ်ကြောင်းကို မသိကုန်၊ ရုပ်ချုပ်ရာကို မသိကုန်၊ ရုပ်ချုပ်ရာသို့ ရောက်ကြောင်းအကျင့်ကို မသိကုန်။ ဝေဒနာကို မသိကုန်၊ ဝေဒနာဖြစ်ပေါ်ကြောင်းကို မသိကုန်၊ ဝေဒနာချုပ်ရာကို မသိကုန်၊ ဝေဒနာချုပ်ရာသို့ ရောက်ကြောင်းအကျင့်ကိုမသိကုန်။ သညာကို မသိကုန်။ပ။ သင်္ခါရတို့ကို မသိကုန်၊ သင်္ခါရတို့ ဖြစ်ပေါ်ကြောင်းကို မသိကုန်၊ သင်္ခါရတို့ ချုပ်ရာကို မသိကုန်၊ သင်္ခါရတို့ ချုပ်ရာသို့ ရောက်ကြောင်းအကျင့်ကို မသိကုန်။ ဝိညာဏ်ကို မသိကုန်၊ ဝိညာဏ်ဖြစ်ပေါ်ကြောင်းကို မသိကုန်၊ ဝိညာဏ်ချုပ်ရာကို မသိကုန်၊ ဝိညာဏ်ချုပ်ရာသို့ ရောက်ကြောင်းအကျင့်ကို မသိကုန်။ သောဏ ထိုသမဏဗြာဟ္မဏတို့ကို သမဏတို့တွင်လည်း သမဏဟုမသမုတ်အပ်ကုန်၊ ဗြာဟ္မဏတို့တွင်လည်း ဗြာဟ္မဏဟု မသမုတ်အပ်ကုန်၊ ထိုအသျှင်တို့သည် သမဏဖြစ်ကျိုး ဗြာဟ္မဏဖြစ်ကျိုးကို မျက်မှောက်ဘဝ၌ ပင် ကိုယ်တိုင် ထူးသောညာဏ်ဖြင့် မျက်မှောက်ပြုကာကပ်ရောက်လျက် မနေရကုန်။

သောဏ သမဏဗြာဟ္မဏအချို့တို့သည်ကား ရုပ်ကို သိကုန်၏၊ ရုပ်ဖြစ်ပေါ်ကြောင်းကို သိကုန်၏၊ ရုပ်ချုပ်ရာကို သိကုန်၏၊ ရုပ်ချုပ်ရာသို့ ရောက်ကြောင်းအကျင့်ကို သိကုန်၏။ ဝေဒနာကို သိကုန်၏။ပ။ သညာကို သိကုန်၏။ သင်္ခါရတို့ကို သိကုန်၏။ ဝိညာဏ်ကို သိကုန်၏၊ ဝိညာဏ်ဖြစ်ပေါ်ကြောင်းကိုသိကုန်၏၊ ဝိညာဏ်ချုပ်ရာကို သိကုန်၏၊ ဝိညာဏ်ချုပ်ရာသို့ ရောက်ကြောင်းအကျင့်ကို သိကုန်၏။

သောဏ ထိုသမဏဗြာဟ္မဏတို့ကို သမဏတို့တွင်လည်း သမဏဟု သမုတ်အပ်ကုန်၏၊ ဗြာဟ္မဏတို့တွင်လည်း ဗြာဟ္မဏဟု သမုတ်အပ်ကုန်၏။ ထိုအသျှင်တို့သည်ကားသမဏဖြစ်ကျိုးကိုလည်းကောင်း၊ ဗြာဟ္မဏဖြစ် ကျိုးကိုလည်းကောင်း မျက်မှောက်ဘဝ၌ ပင် ကိုယ်တိုင့်ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုကာ ကပ်ရောက် လျက် နေရကုန်၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။