သံယုတ္တနိကာယ်—၂၂

(၇) ၂—အရဟန္တဝဂ်

၁—ဥပါဒိယမာနသုတ်

၆၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည်အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ ရဟန်းတစ်းပါးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်ပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏— “အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည်တပည့်တော် အား အကျဉ်းအားဖြင့် တရားဟောတော်မူပါလော့၊ တပည့်တော်သည် မြတ်စွာဘုရား၏ယင်းတရားကို ကြားနာရသော် တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့ ကပ်၍ မမေ့မလျော့ပြင်းစွာလုံ့လပြုလျက် နိဗ္ဗာန်သို့ စေလွှတ်သော စိတ်ရှိသည်ဖြစ်၍ နေလိုပါ၏ “ဟု လျှောက်၏။ ရဟန်းစွဲလမ်းသော် မာရ်သည် နှောင်ဖွဲ့ အပ်၏၊ မစွဲလမ်းသော် မာရ်မှ လွတ်မြောက်၏။ ဘုန်းတော်ကြီးသောမြတ်စွာဘုရား သိပါပြီ၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား သိပါပြီဟု (လျှောက်၏)။

ရဟန်း ငါ အကျဉ်းဟောအပ်သော စကား၏ အကျယ်ဖြစ်သော အနက်ကို သင် အဘယ်သို့ သိသနည်း။ အသျှင်ဘုရား ရုပ်ကို စွဲလမ်းသော် မာရ်သည် နှောင်ဖွဲ့အပ်၏၊ မစွဲလမ်းသော် မာရ်မှ လွတ်မြောက်၏၊ ဝေဒနာကို စွဲလမ်းသော် မာရ်သည် နှောင်ဖွဲ့အပ်၏၊ မစွဲလမ်းသော် မာရ်မှ လွတ်မြောက်၏၊ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကို စွဲလမ်းသော် မာရ်သည် နှောင်ဖွဲ့အပ်၏၊ မစွဲလမ်းသော် မာရ်မှလွတ်မြောက်၏။ အသျှင်ဘုရား တပည့်တော်သည် မြတ်စွာဘုရား အကျဉ်းအားဖြင့် ဟောသော ဤစကား၏ အကျယ်ဖြစ်သော အနက်ကို ဤသို့ သိပါ၏ဟု (လျှောက်၏)။

ရဟန်း ကောင်းပေစွ ကောင်းပေစွ၊ သင်သည် ငါဘုရား အကျဉ်းအားဖြင့် ဟောကြားအပ်သောစကား၏ အကျယ်ဖြစ်သော အနက်ကို ကောင်းစွာ သိပေ၏။ ရဟန်း ရုပ်ကို စွဲလမ်းသော် မာရ်သည်နှောင်ဖွဲ့အပ်၏၊ မစွဲလမ်းသော် မာရ်မှ လွတ်မြောက်၏၊ ဝေဒနာကို။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကိုစွဲလမ်းသော် မာရ်သည် နှောင်ဖွဲ့အပ်၏၊ မစွဲလမ်းသော် မာရ်မှ လွတ်မြောက်၏။ ရဟန်း ငါအကျဉ်းအား ဖြင့် ဟောကြားအပ်သော ဤစကား၏ အကျယ်ဖြစ်သော အနက်ကို ဤသို့ မှတ်ရမည်ဟုမိန့်တော်မူ၏။

ထိုအခါ ထိုရဟန်းသည် မြတ်စွာဘုရား၏ စကားကို အလွန်နှစ်သက်ဝမ်းမြောက်၍ နေရာမှ ထကာရှိခိုးပြီးလျှင် အရိုအသေပြု၍ ဖဲသွားလေ၏။ ထို့နောက် ထိုရဟန်းသည် တစ်ပါးတည်း ဆိတ်ငြိမ်ရာသို့ကပ်၍ မမေ့မလျော့ လုံ့လပြုလျက် နိဗ္ဗာန်သို့ စေလွှတ်သော စိတ်ရှိသည်ဖြစ်၍ နေလတ်သော် မကြာမီပင်လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရဟန်းပြုကြသော အမျိုးသားတို့ လိုလားတောင့်တအပ်သောအကျင့်မြတ်ကို မျက်မှောက်ဘဝ၌ ပင်ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုကာ ရောက်လျက်နေ၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီ”ဟု သိ၏၊ ထိုရဟန်းသည် ရဟန္တာတို့တွင် တစ်ပါးအပါအဝင် ဖြစ်လေ၏။

ပဌမသုတ်။