သံယုတ္တနိကာယ်—၂၂

(၇) ၂—အရဟန္တဝဂ်

၆—အနတ္တသုတ်

၆၈။ သာဝတ္ထိနိဒါန်း။ ထိုအခါ ရဟန်းတစ်ပါးသည်။ပ။ တစ်ခုသော နေရာ၌ ထိုင်ပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏— “အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည်တပည့်တော် အား အကျဉ်းအားဖြင့် တရားဟောတော်မူပါလော့။ပ။ ပြင်းစွာ လုံ့လပြုလျက် နိဗ္ဗာန်သို့စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေလိုပါ၏”ဟု လျှောက်၏။ ရဟန်း အကြင်သဘောတရားသည်ကိုယ် ‘အတ္တ’ မဟုတ်၊ သင်သည် ထိုကိုယ် ‘အတ္တ’မဟုတ်သော သဘောတရား၌ လိုချင်မှုကို ပယ်မည်ဟုမိန့်တော်မူ၏။ ဘုန်းတော် ကြီးသော မြတ်စွာဘုရား သိပါပြီ၊ ကောင်းသော စကားကိုဆိုတော်မူတတ်သော မြတ်စွာဘုရား သိပါပြီဟု (လျှောက်၏)။

ရဟန်း ငါ အကျဉ်းဟောအပ်သော စကား၏ အကျယ်ဖြစ်သော အနက်ကို သင် အဘယ်သို့ သိသနည်းဟု မိန့်တော်မူ၏။ အသျှင်ဘုရား ရုပ်သည်ကိုယ် ‘အတ္တ’ မဟုတ်ပါ၊ တပည့်တော်သည် ထိုကိုယ်’အတ္တ’ မဟုတ်သော ရုပ်၌ လိုချင်မှုကို ပယ်ရပါမည်။ ဝေဒနာသည်။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည်ကိုယ် ‘အတ္တ’ မဟုတ်ပါ၊ တပည့်တော်သည် ထိုကိုယ် ‘အတ္တ’မဟုတ်သော ဝိညာဏ်၌ လိုချင်မှုကို ပယ်ရပါမည်။ အသျှင်ဘုရား တပည့်တော်သည် မြတ်စွာဘုရား အကျဉ်းဟောအပ်သော ဤစကား၏ အကျယ်ဖြစ်သော အနက်ကို ဤသို့ သိပါ၏ဟု (လျှောက်၏)။

ရဟန်း ကောင်းပေစွ ကောင်းပေစွ၊ သင်သည် ငါ အကျဉ်းဟောအပ်သော စကား၏ အကျယ်ဖြစ် သောအနက်ကို ကောင်းစွာ သိပေ၏။ ရဟန်း ရုပ်သည်ကိုယ် ‘အတ္တ’ မဟုတ်၊ သင်သည် ထိုကိုယ် ‘အတ္တ’မဟုတ်သော ရုပ်၌ လိုချင်မှုကို ပယ်ရမည်။ ဝေဒနာသည်။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည်ကိုယ် ‘အတ္တ’ မဟုတ်၊ သင်သည် ထိုကိုယ် ‘အတ္တ’မဟုတ်သော ဝိညာဏ်၌ လိုချင်မှုကို ပယ်ရပါမည်။ ရဟန်း ငါ အကျဉ်းဟော အပ်သော ဤစကား၏ အကျယ်ဖြစ်သော အနက်ကို ဤသို့ မှတ်ရမည်။ပ။ ထိုရဟန်းသည် ရဟန္တာတို့တွင် တစ်ပါးအပါအဝင် ဖြစ်လေ၏။

ဆဋ္ဌသုတ်။