သံယုတ္တနိကာယ်—၂၃

၁—ပဌမဝဂ်

၃—ဘဝနေတ္တိသုတ်

၁၆၂။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော အသျှင်ရာဓသည် မြတ်စွာဘုရားအားအသျှင်ဘုရား “ဘဝနှောင်ကြိုး၏ ချုပ်ငြိမ်းရာ ဘဝနှောင်ကြိုး၏ ချုပ်ငြိမ်းရာ”ဟု ဆိုအပ်ပါ၏၊ အသျှင်ဘုရား အဘယ်သည် ဘဝနှောင်ကြိုးပါနည်း၊ အဘယ်သည် ဘဝနှောင်ကြိုး၏ ချုပ်ငြိမ်းရာပါနည်းဟု ဤစကားကို လျှောက်၏။

ရာဓ ရုပ်၌ လိုချင်မှု စွဲမက်မှု နှစ်သက်မှု တပ်မက်မှု ကပ်ရောက်စွဲလမ်းမှု စိတ်၏ ဆောက်တည်ကြောင်း အမှားနှလုံးသွင်းကြောင်း အနုသယတို့ကို ဘဝနှောင်ကြိုးဟု ဆိုအပ်၏၊ ထိုလိုချင်မှုစသည်တို့၏ ချုပ်ငြိမ်းရာကို ဘဝနှောင်ကြိုး၏ ချုပ်ငြိမ်းရာဟု ဆိုအပ်၏။ ဝေဒနာ၌ ။ သညာ၌ ။ သင်္ခါရတို့၌ ။ ဝိညာဏ်၌ လိုချင်မှု စွဲမက်မှု နှစ်သက်မှု တပ်မက်မှု ကပ်ရောက်စွဲလမ်းမှု စိတ်၏ဆောက်တည်ကြောင်း အမှားနှလုံး သွင်းကြောင်း အနုသယတို့ကို ဘဝနှောင်ကြိုးဟု ဆိုအပ်၏၊ ထိုလိုချင်မှု စသည်တို့၏ ချုပ်ငြိမ်းရာကို ဘဝ နှောင်ကြိုး၏ ချုပ်ရာဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။