သံယုတ္တနိကာယ်—၂၃

၁—ပဌမဝဂ်

၄—ပရိညေယျသုတ်

၁၆၃။ သာဝတ္ထိနိဒါန်း။ အသျှင်ရာဓသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် ရှိခိုး၍ တစ်ခုသောနေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော အသျှင်ရာဓအား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—

ရာဓ ပိုင်းခြားသိသင့်သော တရားတို့ကိုလည်းကောင်း၊ ပိုင်းခြားသိခြင်းကိုလည်းကောင်း၊ ပိုင်းခြားသိပြီးသော ပုဂ္ဂိုလ်ကိုလည်းကောင်း ဟောပြအံ့၊ ထိုတရားကို နာလော့၊ ကောင်းစွာ နှလုံးသွင်းလော့ဟုမိန့်တော်မူ၏။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု အသျှင်ရာဓသည် မြတ်စွာဘုရားအား ဝန်ခံ၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—

ရာဓ ပိုင်းခြားသိသင့်သော တရားတို့ဟူသည် အဘယ်နည်း။ ရာဓ ရုပ်သည် ပိုင်းခြားသိသင့်သောတရားတည်း၊ ဝေဒနာသည် ပိုင်းခြားသိသင့်သော တရားတည်း၊ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည် ပိုင်းခြားသိသင့်သော တရားတည်း၊ ဤတရားတို့ကို ပိုင်းခြားသိသင့်သော တရားတို့ဟု ဆိုအပ်ကုန်၏။ ရာဓ ပိုင်းခြားသိခြင်းဟူသည် အဘယ်နည်း။ စွဲမက်မှု ကုန်ခြင်း, အမျက်ထွက်မှု ကုန်ခြင်း,တွေဝေမှု ကုန်ခြင်းကို ပိုင်းခြားသိခြင်းဟု ဆိုအပ်၏။ ရာဓ ပိုင်းခြားသိပြီးသော ပုဂ္ဂိုလ်ဟူသည်အဘယ်နည်း။ “ရဟန္တာ”ဟု ဆိုအပ်၏၊ ထိုအသျှင်ကား ဤသို့ အမည်ရှိ၏၊ ဤသို့ အနွယ်ရှိ၏၊ ရာဓ ဤအသျှင်ကို ပိုင်းခြားသိပြီးသော ပုဂ္ဂိုလ်ဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။