သံယုတ္တနိကာယ်—၂၃

၃—အာယာစနဝဂ်

၁၂—နိရောဓဓမ္မသုတ်

၁၉၃။ သာဝတ္ထိနိဒါန်း။ အသျှင်ရာဓသည် မြတ်စွာဘုရားအား “အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် တပည့်တော်အား အကျဉ်းအားဖြင့် တရားဟောတော်မူပါလော့၊ တပည့်တော်သည်မြတ်စွာဘုရား၏ ယင်းတရားကို ကြားနာပြီးလျှင် တစ်ယောက်တည်း ကိန်းအောင်းလျက် မမေ့မလျော့လုံ့လပြုကာ နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိသည် ဖြစ်၍ နေလိုပါ၏”ဟု ( ဤစကားကို လျှောက်၏)။

ရာဓ ချုပ်ခြင်းသဘောတရား၌ လိုချင်မှု ‘ဆန္ဒ’ကို စွဲမက်မှု ‘ရာဂ’ကို လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’ကို သင်ပယ်ရမည်။ ရာဓ အဘယ်သည် ချုပ်ခြင်းသဘောနည်း။ ရာဓ ရုပ်သည် ချုပ်ခြင်းသဘောတည်း၊ ထို ရုပ်၌ လိုချင်မှု ‘ဆန္ဒ’ကို သင် ပယ်ရမည်။ပ။ ဝေဒနာသည် ချုပ်ခြင်းသဘောတည်း၊ ထိုဝေဒနာ၌ လိုချင်မှု’ဆန္ဒ’ကို သင် ပယ်ရမည်၊ သညာသည် ချုပ်ခြင်းသဘောတည်း၊ ထိုသညာ၌ လိုချင်မှု ‘ဆန္ဒ’ကို သင်ပယ်ရ မည်။ သင်္ခါရတို့သည် ချုပ်ခြင်းသဘောတည်း၊ ထိုသင်္ခါရတို့၌ လိုချင်မှု ‘ဆန္ဒ’ကို သင်ပယ်ရမည်။ပ။ ဝိညာဏ်သည် ချုပ်ခြင်းသဘောတည်း၊ ထိုဝိညာဏ်၌ လိုချင်မှု ‘ဆန္ဒ’ကို သင် ပယ်ရမည်။ပ။ ရာဓ ချုပ်ခြင်း သဘော၌ လိုချင်မှု ‘ဆန္ဒ’ကို စွဲမက်မှု ‘ရာဂ’ကို လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’ကို သင်ပယ်ရမည်ဟု (မိန့်တော် မူ၏)။

သုံးခုမြောက် အာယာစနဝဂ် ပြီး၏။