သံယုတ္တနိကာယ်—၂၃
၁—ပဌမဝဂ်
၉—ဆန္ဒရာဂသုတ်
၁၆၈။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော အသျှင်ရာဓအား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏ — ရာဓ ရုပ်၌ လိုချင်မှု စွဲမက်မှု နှစ်သက်မှု တပ်မက်မှုကို ပယ်ကြကုန်လော့၊ ဤသို့ ပယ်သော် ထိုရုပ်သည် ပယ်အပ်ပြီး၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်အပ်ပြီး၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုအပ်ပြီး၊ တစ်ဖန် မဖြစ်အောင် ပြုအပ်ပြီး၊ နောင်အခါ ထပ်၍ ဖြစ်ပေါ်ခြင်းသဘော မရှိသည်ဖြစ်လတ္တံ့။ ဝေဒနာ၌ လိုချင်မှု စွဲမက်မှု နှစ်သက်မှု တပ်မက်မှုကို ပယ်ကြကုန်လော့၊ ဤသို့ ပယ်သော်ထိုဝေဒနာသည် ပယ်အပ်ပြီး၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်အပ်ပြီး၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုအပ်ပြီး၊ တစ်ဖန် မဖြစ်အောင် ပြုအပ်ပြီး၊ နောင်အခါ ထပ်၍ ဖြစ်ပေါ်ခြင်းသဘော မရှိသည် ဖြစ်လတ္တံ့။ သညာ၌ ။ သင်္ခါရတို့၌ လိုချင်မှု စွဲမက်မှု နှစ်သက်မှု တပ်မက်မှုကို ပယ်ကြကုန်လော့၊ ဤသို့ ပယ်သော့်ထိုသင်္ခါရတို့ကို ပယ်အပ်ပြီး၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်အပ်ပြီး၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုအပ်ပြီး၊ တစ်ဖန် မဖြစ်အောင် ပြုအပ်ပြီး၊ နောင်အခါ ထပ်၍ ဖြစ်ပေါ်ခြင်းသဘော မရှိကုန်သည် ဖြစ်လတ္တံ့။ ဝိညာဏ်၌ လိုချင်မှု စွဲမက်မှု နှစ်သက်မှု တပ်မက်မှုကို ပယ်ကြကုန်လော့၊ ဤသို့ ပယ်သော်ထိုဝိညာဏ်ကို ပယ်အပ်ပြီး။ပ။ သဘော မရှိကုန်သည် ဖြစ်လတ္တံ့ဟု (မိန့်တော်မူ၏)။
နဝမသုတ်။