သံယုတ္တနိကာယ်—၂၃

၁—ပဌမဝဂ်

၈—အရဟန္တသုတ်

၁၆၇။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော အသျှင်ရာဓအား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏ — ရာဓ ဥပါဒါနက္ခန္ဓာတို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးတို့နည်း၊ ရုပ်ဟူသော ဥပါဒါနက္ခန္ဓာ။ပ။ ဝိညာဏ်ဟူသော ဥပါဒါနက္ခန္ဓာတို့တည်း။

ရာဓ ဤဥပါဒါနက္ခန္ဓာငါးမျိုးတို့၏ ဖြစ်ပေါ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်မှုကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ သိလျက်မစွဲလမ်းမူ၍ ကိလေသာမှ လွတ်သောကြောင့် ဤရဟန်းကို အာသဝေါ ကုန်ပြီးသူ၊ ကျင့်သုံးပြီးသူ၊ ပြုဖွယ် ကိစ္စကို ပြုပြီးသူ၊ ဝန်ကို ချပြီးသူ၊ အရဟတ္တဖိုလ်ဟူသောကိုယ်ကျိုးသို့ ရောက်ပြီးသူ၊ ဘဝနှောင်ကြိုး သံယောဇဉ် ကုန်ပြီးသူ၊ ကောင်းစွာ သိ၍ ကိလေသာမှ လွတ်မြောက်သူ ရဟန္တာဟုဆိုအပ်၏ဟု (မိန့် တော်မူ၏)။

အဋ္ဌမသုတ်။