သံယုတ္တနိကာယ်—၂၄

၁—သောတာပတ္တိဝဂ်

၆—ကရောတောသုတ်

၂၁၁။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ အဘယ်တရားရှိလျှင် အဘယ်တရားကို အစွဲပြု၍ အဘယ်တရား ကိုအမှားနှလုံးသွင်း၍ ဤသို့သော အယူသည် ဖြစ်သနည်း။ “ပြုသူ ပြုစေသူ၊ ဖြတ်သူ ဖြတ်စေသူ၊ နှိပ်စက်သူ နှိပ်စက်စေသူ၊ ပူဆွေးအောင် ပြုသူ ပြုစေသူ၊ ပင်ပန်းအောင် ပြုသူ ပြုစေသူ၊ တုန်လှုပ်သူတုန်လှုပ်စေသူ၊ အသက်ကို သတ်သူ (သတ်စေသူ)၊ ခိုးယူသူ (ခိုးယူစေသူ)၊ အိမ်ကို ဖောက်ထွင်းသူ (ဖောက်ထွင်းစေသူ)၊ (ရွာကို) တိုက်ခိုက်လုယူသူ (တိုက်ခိုက်လုယူစေသူ)၊ တစ်အိမ်တည်းကို တိုက်ခိုက်လုယူသူ (တိုက်ခိုက်လုယူစေသူ)၊ ခရီးလမ်း၌ စောင့်၍ လုယက်သူ (လုယက်စေသူ)၊ သူ့မယားကို သွားလာသူ (သွားလာစေသူ)၊ မမှန်သော စကားကို ပြောသူ (ပြောစေသူ) တို့သည် မကောင်းမှုကို ပြုအပ်သော်လည်း ပြုအပ်သည် မမည်။

ဤမြေပေါ်ရှိ သတ္တဝါတို့ကို သင်တုန်းဓားစက်ဖြင့် တစ်စုတည်းသော အသားစု အသားပုံ ဖြစ်အောင်အကယ်၍ ပြုစေကာမူ ထိုအကြောင်းကြောင့် မကောင်းမှု မရှိ၊ မကောင်းမှုဖြစ်ခြင်း မရှိ။ ဂင်္ဂငါ်္မြစ်၏တောင် ဘက်ကမ်း၌ နေသော သူသည်လည်း အသက်ကို သတ်လျက် သတ်စေလျက်၊ ဖြတ်လျက်ဖြတ်စေလျက်၊ နှိပ်စက်လျက် နှိပ်စက်စေလျက် သွားစေကာမူ ထို (သတ်ခြင်းစသော) အကြောင်းကြောင့်မကောင်းမှု မရှိ၊ မကောင်းမှု ဖြစ်ခြင်း မရှိ။ ဂင်္ဂါမြစ်၏ မြောက်ဘက်ကမ်း၌ နေသောသူသည်လည်းလှူလျက် လှူစေလျက်၊ ပူဇော်လျက် ပူဇော်စေလျက် သွားစေကာမူ ထိုလှူခြင်း (စသောအကြောင်း) ကြောင့် ကောင်းမှု မရှိ၊ ကောင်းမှုဖြစ်ခြင်း မရှိ။ အလှူပေးခြင်း ဣန္ဒြေကို ဆုံးမခြင်းသီလစောင့်စည်းခြင်း အမှန်ဆိုခြင်းတို့ကြောင့် ကောင်းမှု မရှိ၊ ကောင်းမှုဖြစ်ခြင်း မရှိ”ဟု ဤသို့သောအယူ ဖြစ်သနည်း။

မြတ်စွာဘုရား တပည့်တော်တို့အား တရားတို့သည် မြတ်စွာဘုရားသာ အရင်းခံ ရှိပါကုန်၏။ပ။ ရဟန်းတို့ ရုပ်ရှိလျှင် ရုပ်ကို အစွဲပြု၍ ရုပ်ကို အမှားနှလုံးသွင်း၍ “ပြုသူ ပြုစေသူ။ပ။ ကောင်းမှုသည်မရှိ၊ ကောင်းမှု ဖြစ်ပေါ်ခြင်း မရှိ”ဟု ဤသို့သော အယူသည် ဖြစ်၏။

ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ရုပ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါအသျှင်ဘုရား။ ထိုရုပ်ကို အစွဲ မပြုခဲ့မူ “ပြုသူ ပြုစေသူ။ပ။ ကောင်းမှုသည် မရှိ၊ ကောင်းမှု ဖြစ်ပေါ်ခြင်းသည် မရှိ”ဟု ဤသို့သော အယူသည် ဖြစ်နိုင်ရာသလော။ မဖြစ်နိုင်ရာပါ အသျှင်ဘုရား။ ဝေဒနာသည်။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ပ။ ဝိညာဏ်ကို အစွဲ မပြုခဲ့မူ “ပြုသူ ပြုစေသူ။ပ။ ကောင်းမှုသည် မရှိ၊ ကောင်းမှု ဖြစ်ပေါ်ခြင်းသည်မရှိ”ဟု ဤသို့သော အယူသည် ဖြစ်နိုင်ရာသလော။ မဖြစ်နိုင်ရာပါ အသျှင်ဘုရား။

မြင်အပ်သော အရာ၊ ကြားအပ်သော အရာ၊ တွေ့အပ်သော အရာ၊ သိအပ်သော အရာ၊ ရောက်အပ်သော အရာ၊ ရှာအပ်သော အရာ၊ စိတ်ဖြင့် တွေးအပ်သော အရာသည်လည်း မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ပ။ ထိုတရားတို့ကို အစွဲ မပြုခဲ့မူ “ပြုသူ ပြုစေသူ။ပ။ ကောင်းမှုသည် မရှိ၊ ကောင်းမှု ဖြစ်ပေါ်ခြင်းသည် မရှိ “ဟု ဤသို့သော အယူသည် ဖြစ်နိုင်ရာသလော။ မဖြစ်နိုင်ရာပါ အသျှင်ဘုရား။

ရဟန်းတို့ အကြင်အခါ၌ အရိယာတပည့်သည် ဤဆိုအပ်ခဲ့ပြီးသော အရာတို့၌ ယုံမှားခြင်းကို ပယ်ဖျောက်နိုင်၏၊ (ထိုအခါ) ထိုအရိယာတပည့်သည် ဆင်းရဲခြင်း၌လည်း ယုံမှားခြင်းကို ပယ်ဖျောက်နိုင်၏။ပ။ ဆင်းရဲချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်၌လည်း ယုံမှားခြင်းကို ပယ်ဖျောက်နိုင်၏။ ရဟန်းတို့ ဤအရိယာတပည့်ကို အပါယ်သို့ ကျခြင်းသဘော မရှိသော ကိန်းသေမြဲသော အထက်မဂ်သုံးပါးလျှင် လားရာရှိသော သောတာပန် ဖြစ်၏ဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။