သံယုတ္တနိကာယ်—၂၄
၁—သောတာပတ္တိဝဂ်
၅—နတ္ထိဒိန္နသုတ်
၂၁ဝ။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ အဘယ်တရားရှိလျှင် အဘယ်တရားကို အစွဲပြု၍ အဘယ်တရားကို အမှားနှလုံးသွင်း၍ ဤသို့သော အယူသည် ဖြစ်သနည်း။
“ပေးလှူခြင်းသည် မရှိ၊ ယဇ်ပူဇော်ခြင်းသည် မရှိ၊ဟုန်းပူဇော်ခြင်းသည် မရှိ၊ ကောင်းမှု မကောင်းမှုတို့၏ အကျိုးဝိပါက်သည် မရှိ၊ ဤလောကသည် မရှိ၊ တစ်ပါးသော လောကသည် မရှိ၊ အမိသည် မရှိ၊ အဖသည် မရှိ၊ သေ၍ တစ်ဖန်ဖြစ်သော သတ္တဝါတို့သည် မရှိကုန်။
ဤလောကကိုလည်းကောင်း၊ တစ်ပါးသော လောကကိုလည်းကောင်း ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့်သိ၍ မျက်မှောက်ပြုလျက် ဟောကြားနိုင်ကုန်သော ဖြောင့်မှန်သော အရိယာမဂ်သို့ ရောက်ကုန်သောကောင်းသော အကျင့်ရှိကုန်သော သမဏဗြာဟ္မဏတို့သည် လောက၌ မရှိကုန်။
ဤသတ္တဝါသည် မဟာဘုတ်လေးပါး အစုအဝေး ဖြစ်၏၊ သေသောအခါ မြေဓာတ်သည် မြေဓာတ်အစုသို့ ဆိုက်၏၊ ရောက်၏။ ရေဓာတ်သည် ရေဓာတ်အစုသို့ ဆိုက်၏၊ ရောက်၏။ မီးဓာတ်သည် မီးဓာတ်အစုသို့ ဆိုက်၏၊ ရောက်၏။ လေဓာတ်သည် လေဓာတ်အစုသို့ ဆိုက်၏၊ ရောက်၏။
နာမ်ဣန္ဒြေတို့သည် ကောင်းကင်သို့ ပြောင်းရွှေ့ကုန်၏၊ ညောင်စောင်းလျှင် ငါးခုမြောက်ရှိသောယောကျာ်းတို့သည် သူသေကောင်ကို ယူ၍ သွားကုန်၏၊ သင်္ချိုင်းတိုင်အောင် သူသေကောင်တို့သည် ထင်ကုန်၏၊ အရိုးတို့သည် ခိုအဆင်းကဲ့သို့ ဖြစ်ကုန်၏၊ အလှူတို့သည် ပြာအဆုံး ရှိကုန်၏။
အလှူပေးခြင်းကို လူမိုက်တို့က ပညတ်ထား၏။ အချို့သူတို့သည် (ပေးလှူခြင်းစသည်) ရှိိ၏ဟူသောဝါဒကို ပြောဟောကုန်၏၊ ထိုသူတို့၏ စကားသည် အချည်းနှီး ဖြစ်ကုန်၏၊ မှားယွင်းကုန်၏၊ ယောင်ယမ်းပြောဆိုသော စကားဖြစ်၏။ လူမိုက်ဖြစ်စေ၊ ပညာရှိဖြစ်စေ ခန္ဓာကိုယ်ပျက်စီးလျှင် ပြတ်စဲ ကုန်၏၊ ပျက်စီးကုန်၏၊ သေသည်မှ နောက်၌ မဖြစ်ကုန်”ဟု ဤသို့သော အယူ ဖြစ်သနည်း။
အသျှင်ဘုရား တပည့်တော်တို့အား တရားတို့သည် မြတ်စွာဘုရားသာ အရင်းခံ ရှိပါကုန်၏။ပ။ ရဟန်းတို့ ရုပ်ရှိလျှင် ရုပ်ကို အစွဲပြု၍ ရုပ်ကို အမှားနှလုံးသွင်း၍ “ပေးလှူခြင်းသည် မရှိ၊ ယစ်ပူဇော်ခြင်းသည် မရှိ။ပ။ ခန္ဓာကိုယ် ပျက်စီးသော် အသက်ပြတ်ကုန်၏၊ ပျောက်ပျက်ကုန်၏၊ သေပြီးသည်မှ နောက်၌ မဖြစ်ကုန်”ဟု ဤသို့သောအယူသည် ဖြစ်၏။ ဝေဒနာရှိလျှင်။ပ။ သညာရှိလျှင်။ သင်္ခါရတို့ရှိလျှင်။ ဝိညာဏ် ရှိလျှင် ဝိညာဏ်ကို အစွဲပြု၍ ဝိညာဏ်ကို အမှားနှလုံးသွင်း၍ “ပေးလှူခြင်းသည် မရှိ၊ ယစ်ပူဇော်ခြင်းသည် မရှိ။ပ။ ခန္ဓာကိုယ်ပျက်စီးသော် အသက်ပြတ်ကုန်၏၊ ပျောက်ပျက်ကုန်၏၊ သေပြီးသည်မှ နောက်၌ မဖြစ်ကုန်”ဟု ဤသို့သော အယူသည် ဖြစ်၏။
ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း။ ရုပ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါအသျှင်ဘုရား။ ထိုရုပ်ကို အစွဲ မပြုခဲ့လျှင် “ပေးလှူခြင်းသည် မရှိ၊ ယစ်ပူဇော်ခြင်းသည် မရှိ။ပ။ ခန္ဓာကိုယ် ပျက်စီးသော် အသက်ပြတ်ကုန်၏၊ ပျောက်ပျက်ကုန်၏၊ သေပြီးသည်မှ နောက်၌ မဖြစ်ကုန်”ဟု ဤသို့သော အယူသည် ဖြစ်နိုင်ရာသလော။ မဖြစ်နိုင်ရာပါ အသျှင်ဘုရား။ ဝေဒနာသည်။ပ။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ပ။ ထိုဝိညာဏ်ကို အစွဲမပြုခဲ့မူ “ပေးလှူခြင်းသည် မရှိ၊ ယစ်ပူဇော်ခြင်းသည် မရှိ။ပ။ ခန္ဓာကိုယ် ပျက်စီးသော် အသက်ပြတ်ကုန်၏၊ ပျောက်ပျက်ကုန်၏၊ သေပြီးသည်မှ နောက်၌ မဖြစ်ကုန်”ဟု ဤသို့သော အယူသည် ဖြစ်နိုင်ရာသလော။ မဖြစ်နိုင်ရာပါ အသျှင်ဘုရား။
မြင်အပ်သော အရာ၊ ကြားအပ်သော အရာ၊ တွေ့အပ်သော အရာ၊ သိအပ်သော အရာ၊ ရောက်အပ်သော အရာ၊ ရှာအပ်သော အရာ၊ စိတ်ဖြင့် တွေးဆအပ်သော အရာသည်လည်း မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ပ။ ထိုတရားကို အစွဲ မပြုခဲ့လျှင် “ပေးလှူခြင်းသည် မရှိ၊ ယစ်ပူဇော်ခြင်းသည် မရှိ။ပ။ ခန္ဓာကိုယ် ပျက်စီးသော် အသက်ပြတ်ကုန်၏၊ ပျောက်ပျက်ကုန်၏၊ သေပြီးသည်မှ နောက်၌ မဖြစ်ကုန်”ဟု ဤသို့သော အယူသည် ဖြစ်နိုင်ရာသလော။ မဖြစ်နိုင်ရာပါအသျှင်ဘုရား။
ရဟန်းတို့ အကြင်အခါ၌ အရိယာတပည့်သည် ဤဆိုအပ်ခဲ့ပြီးသော အရာတို့၌ ယုံမှားခြင်းကို ပယ့်ဖျောက်နိုင်၏။ (ထိုအခါ) ထိုအရိယာတပည့်သည် ဆင်းရဲခြင်း၌လည်း ယုံမှားခြင်းကို ပယ်ဖျောက်နိုင်၏။ပ။ ဆင်းရဲချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်၌လည်း ယုံမှားခြင်းကို ပယ်ဖျောက်နိုင်၏။ ရဟန်းတို့ ဤအရိယာတပည့်ကို အပါယ်သို့ ကျခြင်းသဘော မရှိသော ကိန်းသေမြဲသော အထက်မဂ်သုံးပါးလျှင် လားရာရှိသော သောတာပန် ဖြစ်၏ဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။
ပဉ္စမသုတ်။