သံယုတ္တနိကာယ်—၂၄

၃—တတိယဂမနဝဂ်

၂၆—အဒုက္ခမသုခီသုတ်

၂၇၅။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ အဘယ်တရားရှိလျှင် အဘယ်တရားကို အစွဲပြု၍ အဘယ်တရား ကိုအမှားနှလုံးသွင်း၍ “အတ္တသည် ချမ်းသာဆင်းရဲ မရှိ၊ သေပြီးသည်မှ နောက်၌ မြဲ၏ “ဟူသော အယူ့သည် ဖြစ်သနည်း။

အသျှင်ဘုရား တပည့်တော်တို့အား တရားတို့သည် မြတ်စွာဘုရားသာ အရင်းခံ ရှိပါကုန်၏။ပ။ ရဟန်းတို့ ရုပ်ရှိလျှင် ရုပ်ကို အစွဲပြု၍ ရုပ်ကို အမှားနှလုံးသွင်း၍ “အတ္တသည် ချမ်းသာဆင်းရဲ မရှိ၊ သေပြီးသည်မှ နောက်၌ မြဲ၏”ဟူသော အယူသည် ဖြစ်၏။ ဝေဒနာရှိလျှင်။ သညာရှိလျှင်။ သင်္ခါရတို့ရှိလျှင်။ ဝိညာဏ်ရှိလျှင် ဝိညာဏ်ကို အစွဲပြု၍ ဝိညာဏ်ကို အမှားနှလုံးသွင်း၍ “အတ္တသည် ချမ်းသာဆင်းရဲ မရှိ၊ သေပြီးသည်မှ နောက်၌ မြဲ၏ “ဟူသော အယူသည် ဖြစ်၏။

ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ရုပ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါအသျှင်ဘုရား။ပ။ ဖောက်ပြန်ခြင်းသဘောရှိသော ရုပ်ကို အစွဲ မပြုခဲ့မူ “အတ္တသည် ချမ်းသာဆင်းရဲ မရှိ၊ သေပြီးသည်မှ နောက်၌ မြဲ၏ “ဟူသော အယူသည် ဖြစ်နိုင်ရာသလော။ မဖြစ်နိုင်ရာပါ အသျှင်ဘုရား။ ရဟန်းတို့ ဤသို့ မမြဲသော ရုပ်သည် ဆင်းရဲ၏၊ ထိုဆင်းရဲရှိလျှင် ထိုဆင်းရဲကို အစွဲပြု၍ “အတ္တသည်ချမ်းသာဆင်းရဲ မရှိ၊ သေပြီးသည်မှ နောက်၌ မြဲ၏ “ဟူသော အယူသည် ဖြစ်၏။ ဝေဒနာသည်။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ပ။ ဖောက်ပြန်ခြင်းသဘောရှိသော ဝိညာဏ်ကို အစွဲ မပြုခဲ့မူ “အတ္တသည် ချမ်းသာဆင်းရဲ မရှိ၊ သေပြီးသည်မှ နောက်၌ မြဲ၏ “ဟူသော အယူသည် ဖြစ်နိုင်ရာသလော။ မဖြစ်နိုင်ရာပါ အသျှင်ဘုရား။ ရဟန်းတို့ ဤသို့မမြဲသော ဝိညာဏ်သည် ဆင်းရဲ၏၊ ထိုဆင်းရဲရှိလျှင် ထိုဆင်းရဲကို အစွဲပြု၍ “အတ္တသည် ချမ်းသာဆင်းရဲမရှိ၊ သေပြီးသည်မှ နောက်၌ မြဲ၏ “ဟူသော အယူသည် ဖြစ်နိုင်၏ဟု (မိန့်တော်မူ၏)။

ဆဗ္ဗီသတိမသုတ်။

တတိယပေယျာလ ပြီး၏။