သံယုတ္တနိကာယ်—၂၄

၄—စတုတ္ထဂမနဝဂ်

၁—န ဝါတသုတ်

၂၇၆။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ အဘယ်တရားရှိလျှင် အဘယ်တရားကို အစွဲပြု၍ အဘယ်တရား ကိုအမှားနှလုံးသွင်း၍ “လေတို့သည် မတိုက်ကုန်၊ မြစ်တို့သည် မစီးကုန်၊ကိုယ်ဝန်ဆောင်တို့သည်မဖွားကုန်၊ လနေတို့သည် မထွက်ကုန်၊ မဝင်ကုန်၊ တံခါးတိုင်ကဲ့သို့ တည်ကုန်၏ “ဟူသော အယူသည်ဖြစ်သနည်း။

အသျှင်ဘုရား တပည့်တော်တို့အား တရားတို့သည် မြတ်စွာဘုရားသာ အရင်းခံ ရှိပါကုန်၏။ပ။ ရဟန်းတို့ ရုပ်ရှိလျှင် ရုပ်ကို အစွဲပြု၍ ရုပ်ကို အမှားနှလုံးသွင်း၍ “လေတို့သည် မတိုက်ကုန်။ပ။ တံခါးတိုင်ကဲ့သို့ တည်ကုန်၏ “ဟူသော အယူသည် ဖြစ်၏။ ဝေဒနာရှိလျှင်။ သညာရှိလျှင်။ သင်္ခါရတို့ရှိလျှင်။ ဝိညာဏ်ရှိလျှင် ဝိညာဏ်ကို အစွဲပြု၍ ဝိညာဏ်ကို အမှားနှလုံးသွင်း၍ “လေတို့သည် မတိုက်ကုန်။ပ။ တံခါးတိုင်ကဲ့သို့ တည်ကုန်၏ “ဟူသော အယူသည် ဖြစ်၏။

ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန် သနည်း၊ ရုပ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါအသျှင်ဘုရား။ မမြဲသော ရုပ်သည် ချမ်းသာလော၊ ဆင်းရဲလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲ သောဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ရုပ်ကို “ ဤရုပ်သည် ငါ့ဥစ္စာ ဖြစ်၏၊ ဤရုပ်သည် ငါ ဖြစ်၏၊ ဤရုပ်သည် ငါ၏ ကိုယ် ‘အတ္တ’တည်း”ဟု ရှုခြင်းငှါ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။ ဝေဒနာသည်။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသော ဝိညာဏ်သည် ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုးရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ဝိညာဏ်ကို “ ဤဝိညာဏ်သည် ငါ့ဥစ္စာ ဖြစ်၏၊ ဤဝိညာဏ်သည် ငါ ဖြစ်၏၊ ဤဝိညာဏ်သည် ငါ၏ကိုယ် ‘အတ္တ’တည်း”ဟု ရှုခြင်းငှါသင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။

ရဟန်းတို့ ထို့ကြောင့် အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော အတွင်း အပြင်လည်းဖြစ်သောအကြမ်း အနုလည်းဖြစ်သော အယုတ် အမြတ်လည်းဖြစ်သော အဝေး အနီးလည်းဖြစ်သောရုပ်အားလုံးကို “ ဤရုပ်သည် ငါ့ဥစ္စာ မဟုတ်၊ ဤရုပ်သည် ငါ မဟုတ်၊ ဤရုပ်သည် ငါ၏ ကိုယ် ‘အတ္တ’မဟုတ်”ဟုဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။ ဝေဒနာအားလုံးကို။ သညာအားလုံးကို။ သင်္ခါရ အားလုံးတို့ကို။ အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော အတွင်း အပြင်လည်းဖြစ်သောအကြမ်း အနုလည်းဖြစ်သော အယုတ် အမြတ်လည်းဖြစ်သော အဝေး အနီးလည်းဖြစ်သောဝိညာဏ်အားလုံးကို “ ဤ ဝိညာဏ်သည် ငါ့ဥစ္စာ မဟုတ်၊ ဤဝိညာဏ်သည် ငါ မဟုတ်၊ ဤဝိညာဏ်သည် ငါ၏ ကိုယ် ‘အတ္တ’ မဟုတ်”ဟုဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။ ရဟန်းတို့ ဤသို့ မြင်သော။ပ။ ဤမဂ် ကိစ္စအလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီဟု သိ၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။