သံယုတ္တနိကာယ်—၂၄

၄—စတုတ္ထဂမနဝဂ်

၂၆—အဒုက္ခမသုခီသုတ်

၃ဝ၁။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ အဘယ်တရားရှိလျှင် အဘယ်တရားကို အစွဲပြု၍ အဘယ်တရား ကိုအမှားနှလုံးသွင်း၍ “အတ္တသည် ချမ်းသာဆင်းရဲ မရှိ၊ သေပြီးသည်မှ နောက်၌ မြဲ၏ “ဟူသော အယူသည် ဖြစ်သနည်း။

အသျှင်ဘုရား တပည့်တော်တို့အား တရားတို့သည် မြတ်စွာဘုရားသာ အရင်းခံ ရှိပါကုန်၏။ပ။ ရဟန်းတို့ ရုပ်ရှိလျှင် ရုပ်ကို အစွဲပြု၍ ရုပ်ကို အမှားနှလုံးသွင်း၍ “အတ္တသည် ချမ်းသာဆင်းရဲ မရှိ၊ သေပြီးသည်မှ နောက်၌ မြဲ၏”ဟူသော အယူသည် ဖြစ်၏။ ဝေဒနာရှိလျှင်။ သညာရှိလျှင်။ သင်္ခါရတို့ရှိလျှင်။ ဝိညာဏ်ရှိလျှင် ဝိညာဏ်ကို အစွဲပြု၍ ဝိညာဏ်ကို အမှားနှလုံးသွင်း၍ “အတ္တသည် ချမ်းသာဆင်းရဲ မရှိ၊ သေပြီးသည်မှ နောက်၌ မြဲ၏”ဟူသော အယူသည် ဖြစ်၏။

ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ရုပ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါအသျှင်ဘုရား။ မမြဲသော ရုပ်သည် ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသောဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ရုပ်ကို မစွဲလမ်းခဲ့မူ “ ဤရုပ်သည် ငါ့ဥစ္စာ ဖြစ်၏၊ ဤရုပ်သည် ငါ ဖြစ်၏၊ ဤရုပ်သည် ငါ၏ကိုယ် ‘အတ္တ’တည်း”ဟု ရှုခြင်းငှါ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။ ဝေဒနာသည်။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသော ဝိညာဏ်သည် ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါအသျှင်ဘုးရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ဝိညာဏ်ကို “ ဤဝိညာဏ်သည်ငါ့ဥစ္စာ ဖြစ်၏၊ ဤ ဝိညာဏ်သည် ငါ ဖြစ်၏၊ ဤဝိညာဏ်သည် ငါ၏ကိုယ် ‘အတ္တ’တည်း”ဟု ရှုခြင်းငှါသင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။

ရဟန်းတို့ ထို့သို့ဖြစ်သောကြောင့် အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော အတွင်း အပြင်လည်းဖြစ်သော အကြမ်း အနုလည်းဖြစ်သော အယုတ် အမြတ်လည်းဖြစ်သော အဝေး အနီးလည်းဖြစ်သော ရုပ်အားလုံးကို “ ဤရုပ်သည် ငါ့ဥစ္စာ မဟုတ်၊ ဤရုပ်သည် ငါ မဟုတ်၊ ဤရုပ်သည် ငါ၏ ကိုယ်’အတ္တ’ မဟုတ်”ဟုဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။ ဝေဒနာအားလုံးကို။ သညာအားလုံးကို။ သင်္ခါရအားလုံးတို့ကို။ အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော အတွင်း အပြင်လည်းဖြစ့်သော အကြမ်း အနုလည်းဖြစ်သော အယုတ် အမြတ်လည်းဖြစ်သော အဝေး အနီးလည်းဖြစ်သောဝိညာဏ်အားလုံးကို “ ဤဝိညာဏ်သည် ငါ့ဥစ္စာ မဟုတ်၊ ဤဝိညာဏ်သည် ငါ မဟုတ်၊ ဤဝိညာဏ်သည်ငါ၏ ကိုယ် ‘အတ္တ’ မဟုတ်”ဟုဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။

ရဟန်းတို့ ဤသို့ မြင်သော အရိယာတပည့်သည် ရုပ်၌လည်း ငြီးငွေ့၏၊ ဝေဒနာ၌လည်း ငြီးငွေ့၏၊ သညာ၌လည်း ငြီးငွေ့၏၊ သင်္ခါရတို့၌လည်း ငြီးငွေ့၏၊ ဝိညာဏ်၌လည်း ငြီးငွေ့၏၊ ငြီးငွေ့သော် စွဲမက်မှုကင်း၏၊ စွဲမက်မှု ကင်းခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ်မြောက်သော်”လွတ်မြောက်ပြီ”ဟူသော အသိညာဏ်သည် ဖြစ်၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကိုကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ။ ဤမဂ်ကိစ္စအလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီ “ဟုသိ၏ဟု (မိန့် တော်မူ၏)။

[ရှေးဦးစွာသော ဂမနဝဂ်၌ တစ်ဆယ့်ရှစ်သုတ်တည်း၊ ဒုတိယဂမနဝဂ်၌ နှစ်ဆယ့်ခြောက်သုတ်၊ တတိယဂမနဝဂ်၌ နှစ်ဆယ့်ခြောက်သုတ်၊ စတုတ္ထဂမနဝဂ်၌ နှစ်ဆယ့်ခြောက်သုတ်တို့ကို ချဲ့အပ်ကုန်၏]။

ဒိဋ္ဌိသံယုတ် ပြီး၏။