သံယုတ္တနိကာယ်—၃၅

(၁၁) ၁—ယောဂက္ခေမိဝဂ်

၃—ဒုက္ခသမုဒယသုတ်

၁ဝ၆။ ရဟန်းတို့ ဆင်းရဲ၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း ဟောပြပေအံ့၊ ထိုတရားကို နာကြကုန်လော့။

ရဟန်းတို့ ဆင်းရဲ၏ ဖြစ်ခြင်းကား အဘယ်နည်း။ မျက်စိကိုလည်းကောင်း၊ အဆင်းတို့ကိုလည်းကောင်း စွဲ၍ စက္ခုဝိညာဏ် ဖြစ်ပေါ်လာ၏။ (မျက်စိ အဆင်း စက္ခုဝိညာဏ်) သုံးမျိုးတို့၏ ပေါင်းဆုံမှုကြောင့် တွေ့ထိမှု’ဖဿ’ ဖြစ်၏၊ တွေ့ထိမှု ‘ဖဿ’ ဟူသော အကြောင်းကြောင့် ခံစားမှု ‘ဝေဒနာ’ ဖြစ်၏၊ ခံစားမှု ‘ဝေဒနာ’ ဟူသော အကြောင်းကြောင့် တပ်မက်မှု ‘တဏှာ’ ဖြစ်ပေါ်လာ၏။ ဤတပ်မက်မှု ‘တဏှာ’သည် ဆင်းရဲ၏ ဖြစ်ကြောင်းတည်း။ပ။

လျှာကိုလည်းကောင်း၊ အရသာတို့ကိုလည်းကောင်း စွဲ၍ ဇိဝှါဝိညာဏ် ဖြစ်ပေါ်လာ၏။ (လျှာ ရသာရုံဇ ိဝှါဝိညာဏ်) သုံးမျိုးတို့၏ ပေါင်းဆုံမှုကြောင့် တွေ့ထိမှု ‘ဖဿ’ ဖြစ်၏၊ တွေ့ထိမှု ‘ဖဿ’ ဟူ သောအကြောင်းကြောင့် ခံစားမှု ‘ဝေဒနာ’ ဖြစ်၏၊ ခံစားမှု ‘ဝေဒနာ’ ဟူသော အကြောင်းကြောင့် တပ်မက်မှု ‘တဏှာ’ ဖြစ်ပေါ်လာ၏။ ဤတပ်မက်မှု ‘တဏှာ’သည် ဆင်းရဲ၏ ဖြစ်ကြောင်းပေတည်း။ပ။ စိတ်ကိုလည်းကောင်း၊ သဘောတရားတို့ကိုလည်းကောင်း စွဲ၍ မနောဝိညာဏ် ဖြစ်ပေါ်လာ၏။ (စိတ် သဘောတရား မနောဝိညာဏ်) သုံးမျိုးတို့၏ ပေါင်းဆုံမှုကြောင့် တွေ့ထိမှု ‘ဖဿ’ ဖြစ်၏၊ တွေ့ထိမှု ‘ဖဿ’ ဟူသော အကြောင်းကြောင့် ခံစားမှု’ဝေဒနာ’ ဖြစ်၏၊ ခံစားမှု’ဝေဒနာ’ ဟူသော အကြောင်းကြောင့်တပ်မက်မှု ‘တဏှာ’ ဖြစ်ပေါ်လာ၏။ ရဟန်းတို့ ဤတပ်မက်မှု ‘တဏှာ’သည် ဆင်းရဲ၏ဖြစ်ကြောင်းပေတည်း။

ရဟန်းတို့ ဆင်းရဲ၏ ချုပ်ခြင်းကား အဘယ်နည်း။ မျက်စိကိုလည်းကောင်း၊ အဆင်းတို့ကိုလည်းကောင်း စွဲ၍ စက္ခုဝိညာဏ် ဖြစ်ပေါ်လာ၏။ (မျက်စိ အဆင်း စက္ခုဝိညာဏ်) သုံးမျိုးတို့၏ ပေါင်းဆုံမှုကြောင့် တွေ့ထိမှု ‘ဖဿ’ ဖြစ်၏၊ တွေ့ထိမှု ‘ဖဿ’ ဟူသော အကြောင်းကြောင့် ခံစားမှု ‘ဝေဒနာ’ ဖြစ်၏၊ ခံစားမှု ‘ဝေဒနာ’ ဟူသော အကြောင်းကြောင့် တပ်မက်မှု’တဏှာ’ ဖြစ်ပေါ်လာ၏။

ထိုတပ်မက်မှု ‘တဏှာ’၏ သာလျှင် အကြွင်းမဲ့ ချုပ်ခြင်းကြောင့် စွဲလမ်းမှု ‘ဥပါဒါန် ‘ ချုပ်၏၊ စွဲလမ်းမှု ‘ဥပါဒါန်’ ချုပ်ခြင်းကြောင့် ဘဝ ချုပ်၏၊ ဘဝချုပ်ခြင်းကြောင့် ပဋိသန္ဓေနေမှု ‘ဇာတိ’ ချုပ်၏၊ ပဋိသန္ဓေနေမှု’ဇာတိ’ ချုပ်ခြင်းကြောင့် အိုမှု ‘ဇရာ’၊ သေမှု ‘မရဏ’၊ စိုးရိမ်မှု ‘သောက’၊ ငိုကြွေးမှု ‘ပရိဒေဝ’၊ကိုယ်ဆင်းရဲမှု ‘ဒုက္ခ’၊ စိတ်ဆင်းရဲမှု ‘ဒေါမနဿ’၊ ပြင်းစွာ ပင်ပန်းမှု ‘ဥပါယာသ’တို့ချုပ်ကုန်၏။ ဤသို့လျှင် အလုံးစုံသော ဤဆင်းရဲအစု၏ ချုပ်မှုသည် ဖြစ်၏။ ရဟန်းတို့ ဤသည်ကား့ဆင်းရဲ၏ ချုပ်ခြင်းတည်း။ပ။

လျှာကိုလည်းကောင်း၊ အရသာတို့ကိုလည်းကောင်း စွဲ၍ ဇိဝှါဝိညာဏ် ဖြစ်ပေါ်လာ၏။ပ။ စိတ်ကိုလည်းကောင်း၊ သဘောတရားတို့ကိုလည်းကောင်း စွဲ၍ မနောဝိညာဏ် ဖြစ်ပေါ်လာ၏။ (စိတ် သဘောတရား မနောဝိညာဏ်) သုံးမျိုးတို့၏ ပေါင်းဆုံမှုကြောင့် တွေ့ထိမှု’ဖဿ’ ဖြစ်၏၊ တွေ့ထိမှု ‘ဖဿ’ ဟူသော အကြောင်းကြောင့် ခံစားမှု ‘ဝေဒနာ’ ဖြစ်၏၊ ခံစားမှု ‘ဝေဒနာ’ ဟူသော အကြောင်းကြောင့် တပ်မက်မှု ‘တဏှာ’ ဖြစ်ပေါ်လာ၏။ ထိုတပ်မက်မှု ‘တဏှာ’၏သာလျှင် အကြွင်းမဲ့ ချုပ်ခြင်းကြောင့် စွဲလမ်းမှု’ဥပါဒါန်’ ချုပ်၏၊ စွဲလမ်းမှု ‘ဥပါဒါန်’ ချုပ်ခြင်းကြောင့် ဘဝ ချုပ်၏၊ ဘဝ ချုပ်ခြင်းကြောင့် ပဋိသန္ဓေနေမှု’ဇာတိ’ ချုပ်၏၊ ပဋိသန္ဓေနေမှု ‘ဇာတိ’ ချုပ်ခြင်းကြောင့် အိုမှု ‘ဇရာ’၊ သေမှု ‘မရဏ’၊ စိုးရိမ်မှု ‘သောက’၊ ငိုကြွေးမှု ‘ပရိဒေဝ’၊ကိုယ်ဆင်းရဲမှု ‘ဒုက္ခ’၊ စိတ်ဆင်းရဲမှု ‘ဒေါမနဿ’၊ ပြင်းစွာ ပင်ပန်းမှု ‘ဥပါယာသ’တို့ချုပ်ကုန်၏။ ဤသို့လျှင် အလုံးစုံသော ဤဆင်းရဲအစု၏ ချုပ်မှုသည် ဖြစ်၏။ ရဟန်းတို့ ဤသည်ကားဆင်းရဲ၏ ချုပ်ခြင်းတည်းဟု (မိန့်တော်မူ၏)။

တတိယသုတ်။