သံယုတ္တနိကာယ်—၃၅

(၁၁) ၁—ယောဂက္ခေမိဝဂ်

၆—သံယောဇနိယသုတ်

၁ဝ၉။ ရဟန်းတို့ နှောင်ဖွဲ့အပ်သော (သံယောဇနိယ) တရားတို့ကိုလည်းကောင်း၊ အနှောင်အဖွဲ့ (သံယောဇန) ‘သံယောဇဉ်’ တရားကိုလည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကြကုန်လော့။

ရဟန်းတို့ နှောင်ဖွဲ့အပ်သော (သံယောဇနိယ) တရားတို့ဟူသည် အဘယ်တို့နည်း၊ အနှောင်အဖွဲ့ (သံယောဇန) ‘သံယောဇဉ်’တရားကား အဘယ်နည်း။ ရဟန်းတို့ မျက်စိသည် နှောင်ဖွဲ့အပ်သော (သံယောဇနိယ) တရားတည်း၊ ထိုမျက်စိ၌ လိုချင်စွဲမက်မှုသည် ထိုမျက်စိ၌ အနှောင်အဖွဲ့ (သံယောဇန) ‘သံယောဇဉ် ‘ မည်၏။ပ။ လျှာသည် နှောင်ဖွဲ့အပ်သော (သံယောဇနိယ) တရားတည်း။ပ။ စိတ်သည်နှောင်ဖွဲ့အပ်သော (သံယောဇနိယ) တရားတည်း၊ ထိုစိတ်၌ လိုချင်စွဲမက်မှုသည် ထိုစိတ်၌ အနှောင်အဖွဲ့ (သံယောဇန) ‘သံယော ဇဉ်’ မည်၏။

ရဟန်းတို့ ဤတရားတို့ကို နှောင်ဖွဲ့အပ်သော (သံယောဇနိယ) တရားတို့ဟူ၍ ဤတရားကို အနှောင်အဖွဲ့ (သံယောဇန) ‘သံယောဇဉ်’ တရားဟူ၍ ဆိုအပ်ကုန်၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။