သံယုတ္တနိကာယ်—၃၅

(၁၄) ၄—ဒေဝဒဟဝဂ်

၁—ဒေဝဒဟသုတ်

၁၃၄။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း ဒေဝဒဟမည်သော သာကီဝင်မင်းတို့၏ နိဂုံး၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏— ရဟန်းတို့ရဟန်းအားလုံးတို့သည်ပင် တွေ့ထိမှု၏ တည်ရာ ‘ဖဿာယတန’ခြောက်မျိုးတို့၌ မမေ့မလျော့ ပြုရမည်ဟုငါ မဆို၊ ရဟန်းအားလုံးတို့သည်ပင် တွေ့ထိမှု၏ တည်ရာ ‘ဖဿာယတန’ခြောက်မျိုးတို့၌ မမေ့မလျော့မပြုရဟုလည်း ငါ မဆို။

ရဟန်းတို့ ရဟန္တာဖြစ်ကုန်သော အာသဝေါကုန်ခန်းပြီးကုန်သော အကျင့်မြတ်ကို ကျင့်သုံးပြီးကုန် သောပြုဖွယ်အားလုံးကို ပြုပြီးကုန်သော သံသရာဝန်ကို ချပြီးကုန်သော ကိုယ်ကျိုးစီးပွားသို့ ရောက်ပြီးကုန်သော ကုန်ပြီးသော ဘဝနှောင်ကြိုးရှိကုန်သော (ကိလေသာမှ) ကောင်းစွာ လွတ်ပြီးကုန်သော ရဟန်းတို့သည် တွေ့ထိမှု၏ တည်ရာ ‘ဖဿာယတန’ခြောက်မျိုးတို့၌ မမေ့မလျော့ ပြုရမည်ဟု ငါ မဆို။ ထိုသို့ မဆိုခြင်းသည် အဘယ့်ကြောင့်နည်း၊ ထိုရဟန်းတို့အား မမေ့မလျော့ခြင်းသည် အဘယ်မှာရှိအံ့နည်း၊ ထိုရဟန်းတို့သည် မေ့လျော့ခြင်းငှါ မထိုက်ကုန်။

ရဟန်းတို့ ကျင့်ဆဲဖြစ်ကုန်သော အရဟတ္တဖိုလ်သို့ မရောက်သေးကုန်သော အတုမရှိသော ယောဂ၏ကုန်ရာ နိဗ္ဗာန်ကို တောင့်တလျက် နေကုန်သော ရဟန်းတို့သည်ကား တွေ့ထိမှု၏ တည်ရာ ‘ဖဿာယတန’ ခြောက်မျိုးတို့၌ မမေ့မလျော့ ပြုရမည်ဟု ငါ ဆို၏။ ထိုသို့ဆိုခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ စိတ်နှလုံးမွေ့လျော်ဖွယ်လည်းဖြစ်ကုန်သော စိတ်နှလုံးမမွေ့လျော်ဖွယ်လည်းဖြစ်ကုန်သော စက္ခုဝိညာဏ်ဖြင့် မြင်အပ်ကုန်သော အဆင်းတို့သည် ရှိကုန်၏။ ထိုအဆင်းတို့သည် ထိုရဟန်း၏ စိတ်ကိုတွေ့၍ တွေ့၍ သိမ်းကျုံးဆွဲဆောင်ကာ မတည်နိုင်ကုန်၊ စိတ်ကို မသိမ်းကျုံး မဆွဲဆောင်နိုင်ခြင်းကြောင့်မတွန့်တိုသော လုံ့လကို အားထုတ်အပ်၏၊ မေ့လျော့ခြင်း မရှိသော သတိသည် ထင်၏၊ ကိုယ်သည်ပူပန်ခြင်းမရှိ ငြိမ်းအေး၏၊ စိတ်သည် တစ်ခုတည်းသော အာရုံရှိသည် ဖြစ်၍ ကောင်းစွာ တည်၏။

ရဟန်းတို့ ဤမမေ့မလျော့ခြင်း၏ အကျိုးကို မြင်သည် ဖြစ်၍ ထိုရဟန်းတို့အားသာ တွေ့ထိမှု၏ တည်ရာ’ဖဿာယတန’ ခြောက်မျိုးတို့၌ မမေ့မလျော့ ပြုရမည်ဟု ငါ ဆို၏။ပ။

ရဟန်းတို့ နှလုံးမွေ့လျော်ဖွယ်လည်းဖြစ်ကုန်သော နှလုံးမမွေ့လျော်ဖွယ်လည်းဖြစ်ကုန်သော မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော သဘောတရားတို့သည် ရှိကုန်၏။ ထိုသဘောတရားတို့သည် ထိုရဟန်း၏စိတ်ကို တွေ့၍ တွေ့၍ သိမ်းကျုံးဆွဲဆောင်ကာ မတည်နိုင်ကုန်၊ စိတ်ကို မသိမ်းကျုံး မဆွဲဆောင်နိုင်ခြင်းကြောင့် မတွန့်တိုသော လုံ့လကို အားထုတ်အပ်၏၊ မေ့လျော့ခြင်းမရှိသော သတိသည် ထင်၏၊ ကိုယ်သည် ပူပန်ခြင်းမရှိ ငြိမ်းအေး၏၊ စိတ်သည် တစ်ခုတည်းသော အာရုံရှိသည် ဖြစ်၍ ကောင်းစွာတည်၏။ ရဟန်းတို့ ဤမမေ့မလျော့ခြင်း၏ အကျိုးကို မြင်သည် ဖြစ်၍ ထိုရဟန်းတို့အားသာတွေ့ထိမှု၏ တည်ရာ ‘ဖဿာယတန’ ခြောက်မျိုးတို့၌ မမေ့မလျော့ ပြုရမည်ဟု ငါ ဆို၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။