သံယုတ္တနိကာယ်—၃၅
(၁၄) ၄—ဒေဝဒဟဝဂ်
၂—ခဏသုတ်
၁၃၅။ ရဟန်းတို့ သင်တို့သည် အရတော်ကြကုန်၏၊ ရဟန်းတို့ သင်တို့သည် ကောင်းစွာ ရအပ်ကုန်၏၊ သင်တို့သည် အကျင့်မြတ်ကို ကျင့်သုံးခြင်းငှါ အခွင့်ကို ရအပ်၏။
ရဟန်းတို့ တွေ့ထိမှု၏ တည်ရာ ‘ဖဿာယတန’ ခြောက်မျိုးရှိသော ‘ဆဖဿာယတနိက’ ငရဲတို့ကိုငါဘုရား မြင်အပ်ကုန်၏၊ ထိုငရဲ၌ မျက်စိဖြင့် အဆင်းအားလုံးကို ကြည့်သော် မလိုလားအပ်သော သဘောကိုသာ မြင်၏၊ လိုလားအပ်သော သဘောကို မမြင်။ မနှစ်သက်အပ်သော သဘောကိုသာ မြင်၏၊ နှစ်သက် အပ်သော သဘောကို မမြင်။ စိတ်နှလုံးကို မပွါးစေတတ်သော သဘောကိုသာ မြင်၏၊ စိတ်နှလုံးကို ပွါးစေ တတ်သော သဘောကို မမြင်။
နားဖြင့် အသံအားလုံးကို နားထောင်သည်ရှိသော်။ပ။ နှာခေါင်းဖြင့် အနံ့အားလုံးကို နမ်းရှူသည်ရှိသော်။ လျှာဖြင့် အရသာအားလုံးကို လျက်သည်ရှိသော်။ ကိုယ်ဖြင့် အတွေ့အထိအားလုံးကိုတွေ့ထိသည်ရှိ သော်။ စိတ်ဖြင့် သဘောတရားအားလုံးကို သိသည်ရှိသော် မလိုလားအပ်သောသဘောကိုသာ သိ၏၊ လို လားအပ်သော သဘောကို မသိ။ မနှစ်သက်အပ်သော သဘောကိုသာ သိ၏၊ နှစ်သက်အပ်သော သဘောကို မသိ။ စိတ်နှလုံးကို မပွားစေတတ်သော သဘောကိုသာ သိ၏၊ စိတ်နှလုံးကို ပွားစေတတ်သော သဘောကို မသိ။
ရဟန်းတို့ သင်တို့သည် အရတော်ကုန်၏၊ ရဟန်းတို့ သင်တို့သည် ကောင်းစွာ ရအပ်ကုန်၏။
သင်တို့သည် အကျင့်မြတ်ကို ကျင့်သုံးခြင်းငှါ အခွင့်ကို ရအပ်၏။
ရဟန်းတို့ တွေ့ထိမှု၏ တည်ရာ ‘ဖဿာယတန’ ခြောက်မျိုးရှိသော ‘ဆဖဿာယတနိက’ နတ်ပြည်တို့ကို ငါဘုရား မြင်အပ်ကုန်၏၊ ထိုနတ်ပြည်တို့၌ မျက်စိဖြင့် အဆင်းအားလုံးကို ကြည့်သည်ရှိသော်လိုလားအပ်သော သဘောကိုသာ မြင်၏၊ မလိုလားအပ်သော သဘောကို မမြင်။ နှစ်သက်အပ်သောသဘောကိုသာ မြင်၏၊ မနှစ်သက်အပ်သော သဘောကို မမြင်။ စိတ်နှလုံးကို ပွါးစေတတ်သော သဘောကိုသာ မြင်၏၊ စိတ်နှလုံးကို မပွါးစေတတ်သော သဘောကို မမြင်။ပ။
လျှာဖြင့် အရသာအားလုံးကို လျက်သည်ရှိသော်။ပ။ စိတ်ဖြင့် သဘောတရားအားလုံးကို သိသည်ရှိ သော်လိုလားအပ်သော သဘောကိုသာ သိ၏၊ မလိုလားအပ်သော သဘောကို မသိ။ နှစ်သက်အပ်သောသဘောကိုသာ သိ၏၊ မနှစ်သက်အပ်သော သဘောကို မသိ။ စိတ်နှလုံးကို ပွါးစေတတ်သော သဘော့ကိုသာ သိ၏၊ စိတ်နှလုံးကို မပွါးစေတတ်သော သဘောကို မသိ။
ရဟန်းတို့ သင်တို့သည် အရတော်ကုန်၏၊ ရဟန်းတို့ သင်တို့သည် ကောင်းစွာ ရအပ်ကုန်၏၊ သင်တို့သည် အကျင့်မြတ်ကို ကျင့်သုံးခြင်းငှါ အခွင့်ကို ရအပ်၏ဟု (မိန့်တော်မူ၏)။
ဒုတိယသုတ်။