သံယုတ္တနိကာယ်—၃၅
(၁၄) ၄—ဒေဝဒဟဝဂ်
၄—ဒုတိယ ရူပါရာမသုတ်
၁၃၇။ ရဟန်းတို့ နတ်လူတို့သည် အဆင်းလျှင် ပျော်မွေ့ရာရှိကုန်၏၊ အဆင်း၌ ပျော်ပိုက်ကုန်၏၊ အဆင်း၌ ဝမ်းမြောက်ကုန်၏၊ ရဟန်းတို့ နတ်လူတို့သည် အဆင်း၏ ဖောက်ပြန်ခြင်း ကင်းပြတ်ချုပ်ငြိမ်းခြင်းကြောင့် ဆင်းရဲစွာ နေရကုန်၏။ အသံလျှင် ပျော်မွေ့ရာရှိကုန်၏။ အနံ့လျှင် ပျော်မွေ့ရာရှိကုန်၏။ အရသာလျှင် ပျော်မွေ့ရာရှိကုန်၏။ အတွေ့အထိလျှင် ပျော်မွေ့ရာရှိကုန်၏။ ရဟန်းတို့ နတ်လူတို့သည်သဘောတရားလျှင် ပျော်မွေ့ရာရှိကုန်၏၊ သဘောတရား၌ ပျော်ပိုက်ကုန်၏၊ သဘောတရား၌ ဝမ်းမြောက်ကုန်၏၊ ရဟန်းတို့ နတ်လူတို့သည် သဘောတရား၏ ဖောက်ပြန်ခြင်း ကင်းပြတ်ချုပ်ငြိမ်းခြင်းကြောင့်ဆင်းရဲစွာ နေရကုန်၏။
ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာသိတော်မူသော မြတ်စွာဘုရားသည် အဆင်းတို့၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ရာကိုလည်းကောင်းဟုတ်တိုင်းမှန်စွာသိသောကြောင့် အဆင်းလျှင် ပျော်မွေ့ရာမရှိ၊ အဆင်း၌ မပျော်ပိုက်၊ အဆင်း၌ ဝမ်းမမြောက်။ ရဟန်းတို့ မြတ်စွာဘုရားသည် အဆင်း၏ ဖောက်ပြန်ခြင်း ကင်းပြတ်ချုပ်ငြိမ်းခြင်းကြောင့် ချမ်းသာစွာနေရ၏။
အသံတို့၏။ အနံ့တို့၏။ အရသာတို့၏။ အတွေ့အထိတို့၏။ သဘောတရားတို့၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ရာ ကိုလည်းကောင်း၊ဟုတ်တိုင်းမှန်စွာ သိသောကြောင့် သဘောတရားလျှင် ပျော်မွေ့ရာမရှိ၊ သဘောတရား၌ မပျော်ပိုက်၊ သဘောတရား၌ ဝမ်းမမြောက်။ ရဟန်းတို့ မြတ်စွာဘုရားသည်သဘောတရား၏ ဖောက်ပြန် ခြင်း ကင်းပြတ်ချုပ်ငြိမ်းခြင်းကြောင့် ချမ်းသာစွာ နေရ၏ဟု (မိန့်တော်မူ၏)။
စတုတ္ထသုတ်။