သံယုတ္တနိကာယ်—၃၅
(၁၄) ၄—ဒေဝဒဟဝဂ်
၅—ပဌမ န တုမှာကသုတ်
၁၃၈။ ရဟန်းတို့ အကြင်တရားသည် သင်တို့၏ ဥစ္စာ မဟုတ်၊ သင်တို့၏ ဥစ္စာ မဟုတ်သော ထိုတရားကို ပယ်ကြကုန်လော့၊ ထိုတရားကို ပယ်အပ်သည်ရှိသော် သင်တို့အား စီးပွားခြင်းငှါချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။
ရဟန်းတို့ သင်တို့၏ ဥစ္စာ မဟုတ်သော တရားဟူသည် အဘယ်နည်း။ ရဟန်းတို့ မျက်စိသည်သင်တို့၏ ဥစ္စာ မဟုတ်၊ သင်တို့၏ ဥစ္စာ မဟုတ်သော ထိုမျက်စိကို ပယ်ကြကုန်လော့၊ ထိုမျက်စိကို ပယ့်အပ်သည်ရှိသော် သင်တို့အား စီးပွားခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။ပ။ လျှာသည် သင်တို့၏ ဥစ္စာမဟုတ်၊ သင်တို့၏ ဥစ္စာ မဟုတ်သော ထိုလျှာကို ပယ်ကြကုန်လော့၊ ထိုလျှာကို ပယ်အပ်သည်ရှိသော်သင်တို့အား စီးပွားခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။ပ။ စိတ်သည် သင်တို့၏ ဥစ္စာ မဟုတ်၊ သင်တို့၏ဥစ္စာ မဟုတ်သော ထိုစိတ်ကို ပယ်ကြကုန်လော့၊ ထိုစိတ်ကို ပယ်အပ်သည်ရှိသော် သင်တို့အားစီးပွားခြင်း ငှါ ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။
ရဟန်းတို့ ဥပမာသော်ကား ဤဇေတဝန်ကျောင်းတိုက်၌ မြက် ထင်း သစ်ခက် သစ်ရွက်ကို လူအပေါင်းသည် ယူဆောင်သွားသော်လည်းကောင်း၊ မီးရှို့သော်လည်းကောင်း၊ အလိုရှိတိုင်း ပြုသော်လည်းကောင်း သင်တို့အား “ငါတို့ကို လူအပေါင်းသည် ယူဆောင်သွား၏ဟုသော်လည်းကောင်း၊ မီးရှို့၏ဟုသော်လည်းကောင်း၊ အလိုရှိတိုင်း ပြု၏ဟုသော်လည်းကောင်း” ဤသို့ ဖြစ်ရာသလော။ မဖြစ်ရာပါအသျှင် ဘုရား။ အဘယ်ကြောင့်ဆိုသော် အသျှင်ဘုရား ဤမြက်စသော အရာသည် တပည့်တော်တို့၏ကိုယ်သည်လည်းကောင်း၊ကိုယ်ပိုင်ဥစ္စာသည်လည်းကောင်း မဟုတ်သောကြောင့်ပါတည်း။
ရဟန်းတို့ ဤအတူ မျက်စိသည် သင်တို့၏ ဥစ္စာ မဟုတ်၊ သင်တို့၏ ဥစ္စာ မဟုတ်သော ထိုမျက်စိကိုပယ်ကြကုန်လော့၊ ထိုမျက်စိကို ပယ်အပ်သည်ရှိသော် သင်တို့အား စီးပွားခြင်းငှါ ချမ်းသာခြင်းငှါဖြစ်လတ္တံ့။ပ။ လျှာသည် သင်တို့၏ ဥစ္စာ မဟုတ်၊ သင်တို့၏ ဥစ္စာ မဟုတ်သော ထိုလျှာကို ပယ်ကြကုန်လော့၊ ထိုလျှာကို ပယ်အပ်သည်ရှိသော် သင်တို့အား စီးပွားခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။ပ။ စိတ်သည် သင်တို့၏ ဥစ္စာ မဟုတ်၊ သင်တို့၏ ဥစ္စာ မဟုတ်သော ထိုစိတ်ကို ပယ်ကြကုန်လော့၊ ထိုစိတ်ကိုပယ်အပ်သည်ရှိသော် သင်တို့အား စီးပွားခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့ဟု (မိန့်တော်မူ၏)။
ပဉ္စမသုတ်။