သံယုတ္တနိကာယ်—၃၅
(၁၅) ၅—နဝပုရာဏဝဂ်
၇—ကိမတ္ထိယဗြဟ္မစရိယသုတ်
၁၅၂။ ရဟန်းတို့ သာသနာ့ပြင်ပ အယူရှိကြသည့် များစွာသော ပရိဗိုဇ်တို့သည် “ငါ့သျှင်တို့အဘယ်အကျိုးငှါ ရဟန်းဂေါတမထံ၌ အကျင့်မြတ်ကို ကျင့်သုံးအပ်သနည်း”ဟု သင်တို့အား မေးကုန်မူရဟန်းတို့ ဤသို့ မေးအပ်ကုန်သည်ရှိသော် ထိုသာသနာ့ပြင်ပ အယူရှိကြသည့် များစွာသော ပရိဗိုဇ်တို့အား “ငါ့သျှင်တို့ ဆင်းရဲကို ပိုင်းခြား၍ သိခြင်းငှါ မြတ်စွာဘုရားထံ၌ အကျင့်မြတ်ကို ကျင့်သုံးအပ်၏ “ဟုသင်တို့ ဖြေကုန်ရာ၏။
ရဟန်းတို့ သာသနာ့ပြင်ပ အယူရှိကြသည့် များစွာသော ပရိဗိုဇ်တို့က “ငါ့သျှင်တို့ ဆင်းရဲကို ပိုင်းခြား၍ သိခြင်းငှါ မြတ်စွာဘုရားထံ၌ အကျင့်မြတ်ကို ကျင့်သုံးအပ်၏၊ ထိုဆင်းရဲကား အဘယ်နည်း”ဟု ဤသို့သင်တို့အား မေးကုန်မူ ရဟန်းတို့ ဤသို့ မေးအပ်ကုန်သည်ရှိသော် ထိုသာသနာ့ပြင်ပ အယူရှိ ကြသည့်များစွာသော ပရိဗိုဇ်တို့အား သင်တို့သည် ဤသို့ ဖြေကုန်ရာ၏—ိံငါ့သျှင်တို့ မျက်စိသည် ဆင်းရဲတည်း၊ ထိုမျက်စိကို ပိုင်းခြား၍ သိခြင်းငှါ မြတ်စွာဘုရားထံ၌ အကျင့်မြတ်ကို ကျင့်သုံးအပ်၏။ အဆင်းတို့သည် ဆင်းရဲတို့တည်း၊ ထိုအဆင်းတို့ကို ပိုင်းခြား၍ သိခြင်းငှါမြတ်စွာဘုရားထံ၌ အကျင့်မြတ်ကို ကျင့်သုံးအပ်၏။ စက္ခုဝိညာဏ်သည် ဆင်းရဲတည်း၊ ထိုစက္ခုဝိညာဏ်ကိုပိုင်းခြား၍ သိခြင်းငှါ မြတ်စွာဘုရားထံ၌ အကျင့်မြတ်ကို ကျင့်သုံးအပ်၏။ စက္ခုသမ္ဖဿသည် ဆင်းရဲတည်း၊ ထိုစက္ခုသမ္ဖဿကို ပိုင်းခြား၍ သိခြင်းငှါ မြတ်စွာဘုရားထံ၌ အကျင့်မြတ်ကို ကျင့်သုံးအပ်၏။ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည်လည်း ဆင်းရဲတည်း၊ ထိုဆင်းရဲကို ပိုင်းခြား၍ သိခြင်းငှါ မြတ်စွာဘုရားထံ၌ အကျင့်မြတ်ကို ကျင့်သုံးအပ်၏။ပ။
လျှာသည် ဆင်းရဲတည်း။ပ။ စိတ်သည် ဆင်းရဲတည်း၊ ထိုစိတ်ကို ပိုင်းခြား၍ သိခြင်းငှါ မြတ်စွာဘုရားထံ၌ အကျင့်မြတ်ကို ကျင့်သုံးအပ်၏။ပ။ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့်ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည်လည်း ဆင်းရဲတည်း၊ ထိုဆင်းရဲကို ပိုင်းခြား၍ သိခြင်းငှါ မြတ်စွာဘုရားထံ၌ အကျင့်မြတ်ကို ကျင့်သုံးအပ်၏။
ငါ့သျှင်တို့ ဆင်းရဲကို ပိုင်းခြား၍ သိခြင်းငှါ မြတ်စွာဘုရားထံ၌ အကျင့်မြတ်ကို ကျင့်သုံးအပ်၏၊ ထိုဆင်းရဲကား ဤသည်ပင်တည်း။ ရဟန်းတို့ ဤသို့ မေးအပ်ကုန်သည်ရှိသော် ထိုသာသနာ့ပြင်ပ အယူရှိကြသည့် များစွာသော ပရိဗိုဇ်တို့အား သင်တို့သည် ဤသို့ ဖြေကုန်ရာ၏ဟု (မိန့်တော်မူ၏)။
သတ္တမသုတ်။