သံယုတ္တနိကာယ်—၃၅
(၁၅) ၅—နဝပုရာဏဝဂ်
၆—အန္တေဝါသိကသုတ်
၁၅၁။ ရဟန်းတို့ အတွင်းနေတပည့် မရှိဘဲ ဆရာ မရှိဘဲ ဤအကျင့်မြတ်ကို ကျင့်သုံးနေအပ်၏၊ ရဟန်းတို့ အတွင်းနေတပည့်ရှိသော ဆရာရှိသော ရဟန်းသည် ဆင်းဆင်းရဲရဲ နေရ၏၊ ရဟန်းတို့အတွင်းနေတပည့် မရှိသော ဆရာ မရှိသော ရဟန်းသည် ချမ်းချမ်းသာသာ နေရ၏။
ရဟန်းတို့ အဘယ်သို့လျှင် အတွင်းနေတပည့်ရှိသော ဆရာရှိသော ရဟန်းသည် ဆင်းဆင်းရဲရဲနေရသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းအား မျက်စိဖြင့် အဆင်းကို မြင်သော် ပြေးသွားကြံစည်တတ်ကုန် နှောင်ဖွဲ့ကြောင်းဖြစ်ကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ဖြစ်ကုန်၏၊ ထိုအကုသိုလ်တရားတို့သည် ထိုရဟန်း၏ အတွင်း၌ နေကုန်၏၊ ယုတ်ညံ့သော အကုသိုလ်တရားတို့သည်ထိုရဟန်း၏ အတွင်း၌ နေကုန်သောကြောင့် အတွင်းနေတပည့်ရှိသူဟု ဆိုအပ်၏။
အကုသိုလ်တရားတို့သည် ထိုရဟန်းကို လွှမ်းမိုးကုန်၏၊ ယုတ်ညံ့သော အကုသိုလ်တရားတို့သည်ထိုရဟန်းကို လွှမ်းမိုးကုန်သော ကြောင့် ဆရာရှိသူဟု ဆိုအပ်၏။ပ။
ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းအား လျှာဖြင့် အရသာကို လျက်သော် ပြေးသွားကြံစည့်တတ်ကုန် နှောင်ဖွဲ့ကြောင်းဖြစ်ကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ဖြစ်ကုန်၏၊ ထိုအကုသိုလ်တရားတို့သည် ထိုရဟန်း၏ အတွင်း၌ နေကုန်၏၊ ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ထိုရဟန်း၏ အတွင်း၌ နေကုန်သောကြောင့် အတွင်းနေတပည့်ရှိသူဟု ဆိုအပ်၏။
ထိုအကုသိုလ်တရားတို့သည် ထိုရဟန်းကို လွှမ်းမိုးကုန်၏၊ ယုတ်ညံ့သော အကုသိုလ်တရားတို့သည်ထိုရဟန်းကို လွှမ်းမိုးကုန်သော ကြောင့် ဆရာရှိသူဟု ဆိုအပ်၏။ပ။
ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းအား စိတ်ဖြင့် သဘောတရားကို သိသော် ပြေးသွားကြံစည်တတ်ကုန် နှောင်ဖွဲ့ကြောင်းဖြစ်ကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ဖြစ်ကုန်၏၊ ထိုအကုသိုလ်တရားတို့သည် ထိုရဟန်း၏ အတွင်း၌ နေကုန်၏၊ ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ထိုရဟန်း၏ အတွင်း၌ နေကုန်သောကြောင့် အတွင်းနေတပည့်ရှိသူဟု ဆိုအပ်၏။
ထိုအကုသိုလ်တရားတို့သည် ထိုရဟန်းကို လွှမ်းမိုးကုန်၏၊ ယုတ်ညံ့သော အကုသိုလ်တရားတို့သည်ထိုရဟန်းကို လွှမ်းမိုးကုန်သော ကြောင့် ဆရာရှိသူဟု ဆိုအပ်၏။ ရဟန်းတို့ ဤသို့လျှင်အတွင်းနေတပည့်ရှိသော ဆရာရှိသော ရဟန်းသည် ဆင်းဆင်းရဲရဲ နေရ၏။
ရဟန်းတို့ အဘယ်သို့လျှင် အတွင်းနေတပည့် မရှိသော ဆရာ မရှိသော ရဟန်းသည် ချမ်းချမ်းသာသာ နေရသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းအား မျက်စိဖြင့် အဆင်းကို မြင်သော်ပြေး သွားကြံစည်တတ်ကုန် နှောင်ဖွဲ့ကြောင်းဖြစ်ကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့သည်မဖြစ်ကုန်၊ ထိုအကုသိုလ်တရားတို့သည် ထိုရဟန်း၏ အတွင်း၌ မနေကုန်။ ယုတ်ညံ့သောအကုသိုလ်တရားတို့သည် ထိုရဟန်း၏ အတွင်း၌ မနေကုန်သောကြောင့် အတွင်းနေတပည့် မရှိသူဟုဆိုအပ်၏။ ထိုအကုသိုလ်တရား တို့သည် ထိုရဟန်းကို မလွှမ်းမိုးကုန်၊ ယုတ်ညံ့သောအကုသိုလ်တရားတို့သည် ထိုရဟန်းကို မလွှမ်းမိုး ကုန်သောကြောင့် ဆရာ မရှိသူဟု ဆိုအပ်၏။ပ။
ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းအား လျှာဖြင့် အရသာကို လျက်သော် ပြေးသွားကြံစည်တတ်ကုန် နှောင်ဖွဲ့ကြောင်းဖြစ်ကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် မဖြစ်ကုန်၊ ထိုအကုသိုလ် တရားတို့သည် ထိုရဟန်း၏ အတွင်း၌ မနေကုန်၏။ ယုတ်ညံ့သောအကုသိုလ်တရားတို့သည် ထိုရဟန်း၏ အတွင်း၌ မနေကုန်သောကြောင့် အတွင်းနေတပည့် မရှိသူဟုဆိုအပ်၏။ ထိုအကုသိုလ်တရားတို့သည် ထိုရဟန်းကို မလွှမ်းမိုးကုန်၊ ယုတ်ညံ့သောအကုသိုလ်တရားတို့သည် ထိုရဟန်းကို မလွှမ်းမိုးကုန်သော ကြောင့် ဆရာ မရှိသူဟု ဆိုအပ်၏။ပ။
ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းအား စိတ်ဖြင့် သဘောတရားကို သိသော် ပြေးသွားကြံစည်တတ်ကုန် နှောင်ဖွဲ့ကြောင်းဖြစ်ကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် မဖြစ်ကုန်၊ ထိုအကုသိုလ် တရားတို့သည် ထိုရဟန်း၏ အတွင်း၌ မနေကုန်။ ယုတ်ညံ့သော အကုသိုလ်တရားတို့သည်ထိုရဟန်း၏ အတွင်း၌ မနေကုန်သောကြောင့် အတွင်းနေတပည့် မရှိသူဟု ဆိုအပ်၏။
ထိုအကုသိုလ်တရားတို့သည် ထိုရဟန်းကို မလွှမ်းမိုးကုန်၊ ယုတ်ညံ့သော အကုသိုလ်တရားတို့သည်ထိုရဟန်းကို မလွှမ်းမိုးကုန်သော ကြောင့် ဆရာ မရှိသူဟု ဆိုအပ်၏။ ရဟန်းတို့ ဤသို့လျှင်အတွင်းနေတပည့် မရှိသော ဆရာ မရှိသော ရဟန်းသည် ချမ်းချမ်းသာသာ နေရ၏။
ရဟန်းတို့ အတွင်းနေတပည့် မရှိဘဲ ဆရာ မရှိဘဲ ဤအကျင့်မြတ်ကို ကျင့်သုံးအပ်၏၊ ရဟန်းတို့အတွင်းနေတပည့်ရှိသော ဆရာရှိသော ရဟန်းသည် ဆင်းဆင်းရဲရဲ နေရ၏၊ ရဟန်းတို့ အတွင်းနေတပည့်မရှိသော ဆရာ မရှိသော ရဟန်းသည် ချမ်းချမ်းသာသာ နေရ၏ဟု (မိန့်တော်မူ၏)။
ဆဋ္ဌသုတ်။