သံယုတ္တနိကာယ်—၃၅

(၁၆) ၁—နန္ဒိက္ခယဝဂ်

၄—ဗာဟိရအနိစ္စနန္ဒိက္ခယသုတ်

၁၅၉။ ရဟန်းတို့ အဆင်းတို့ကို အသင့်အားဖြင့် နှလုံးသွင်းကုန်လော့၊ အဆင်းတို့၏ မမြဲခြင်းကိုလည်းဟုတ်တိုင်းမှန်စွာ အဖန်ဖန် ရှုကုန်လော့၊ ရဟန်းတို့ ရဟန်းသည် အဆင်းတို့ကို အသင့်အားဖြင့်နှလုံးသွင်းသော် အဆင်းတို့၏ မမြဲခြင်းကိုလည်းဟုတ်တိုင်းမှန်စွာ အဖန်ဖန် ရှုသော် အဆင်းတို့၌လည်းငြီးငွေ့၏၊ နှစ်သက်မှု ကုန်ခြင်းကြောင့် စွဲမက်မှု ကုန်၏၊ စွဲမက်မှု ကုန်ခြင်းကြောင့် နှစ်သက်မှုကုန်၏၊ နှစ်သက်မှု စွဲမက်မှု ကုန်ခြင်းကြောင့် စိတ်သည် ကောင်းစွာ လွတ်မြောက်ပြီဟု ဆိုအပ်၏။

အသံတို့ကို။ အနံ့တို့ကို။ အရသာတို့ကို။ အတွေ့အထိတို့ကို။ ရဟန်းတို့ သဘောတရားတို့ကိုအသင့်အားဖြင့် နှလုံးသွင်းကုန်လော့၊ သဘောတရားတို့၏ မမြဲခြင်းကိုလည်းဟုတ်တိုင်းမှန်စွာ အဖန်ဖန်ရှုကုန်လော့၊ ရဟန်းတို့ ရဟန်းသည် သဘောတရားတို့ကို အသင့်အားဖြင့် နှလုံးသွင်းသော် သဘောတရားတို့၏ မမြဲမှုကိုလည်းဟုတ်တိုင်းမှန်စွာ အဖန်ဖန် ရှုသော် သဘောတရားတို့၌လည်း ငြီးငွေ့၏၊ နှစ်သက်မှု ကုန်ခြင်းကြောင့် စွဲမက်မှု ကုန်၏၊ စွဲမက်မှု ကုန်ခြင်းကြောင့် နှစ်သက်မှု ကုန်၏၊ နှစ်သက်မှု့စွဲမက်မှု ကုန်ခြင်းကြောင့် စိတ်သည် ကောင်းစွာ လွတ်မြောက်ပြီဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။