သံယုတ္တနိကာယ်—၃၅

(၁၇) ၂—သဋ္ဌိပေယျာလဝဂ်

၇—၉—အနတ္တဆန္ဒာဒိသုတ်

၁၇၄—၁၇၆။ ရဟန်းတို့ အကြင်တရားသည် အတ္တ မဟုတ်၊ ထိုအတ္တမဟုတ်သော တရား၌ သင်တို့သည် လိုချင်မှု ‘ဆန္ဒ’ ကို ပယ်ရမည်။ စွဲမက်မှု ‘ရာဂ’ ကို ပယ်ရမည်။ လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’ ကို ပယ်ရမည်။ ရဟန်းတို့ အဘယ်တရားသည် အတ္တ မဟုတ်သနည်း။

ရဟန်းတို့ မျက်စိသည် အတ္တ မဟုတ်၊ ထိုအတ္တမဟုတ်သော မျက်စိ၌ သင်တို့သည် လိုချင်မှု ‘ဆန္ဒ’ ကိုပယ်ရမည်။ စွဲမက်မှု ‘ရာဂ’ ကို ပယ်ရမည်။ လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’ ကို ပယ်ရမည်။ပ။ လျှာသည် အတ္တမဟုတ်၊ ထိုအတ္တမဟုတ်သော လျှာ၌ သင်တို့သည် လိုချင်မှု ‘ဆန္ဒ’ ကို ပယ်ရမည်။ စွဲမက်မှု ‘ရာဂ’ကိုပယ်ရမည်။ လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’ ကို ပယ်ရမည်။ပ။

စိတ်သည် အတ္တ မဟုတ်၊ ထိုအတ္တမဟုတ်သော စိတ်၌ သင်တို့သည် လိုချင်မှု ‘ဆန္ဒ’ ကို ပယ်ရမည်။ စွဲမက်မှု ‘ရာဂ’ ကို ပယ်ရမည်။ လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’ ကို ပယ်ရမည်။

ရဟန်းတို့ အကြင်တရားသည် အတ္တ မဟုတ်၊ ထိုအတ္တမဟုတ်သော တရား၌ သင်တို့သည်လိုချင်မှု ‘ဆန္ဒ’ ကို ပယ်ရမည်။ စွဲမက်မှု ‘ရာဂ’ ကို ပယ်ရမည်။ လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’ကို ပယ်ရမည်ဟု (မိန့်တော်မူ၏)။