သံယုတ္တနိကာယ်—၃၅

(၁၇) ၂—သဋ္ဌိပေယျာလဝဂ်

၁ဝ—၁၂—ဗာဟိရာနိစ္စဆန္ဒာဒိသုတ်

၁၇၇—၁၇၉။ ရဟန်းတို့ အကြင်တရားသည် မမြဲ၊ ထိုမမြဲသော တရား၌ သင်တို့သည် လိုချင်မှု’ဆန္ဒ’ ကို ပယ်ရမည်။ စွဲမက်မှု ‘ရာဂ’ ကို ပယ်ရမည်။ လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’ ကို ပယ်ရမည်။ ရဟန်းတို့ အဘယ်တရားသည် မမြဲသနည်း။

ရဟန်းတို့ အဆင်းတို့သည် မမြဲကုန်၊ ထိုမမြဲသော အဆင်းတို့၌ သင်တို့သည် လိုချင်မှု ‘ဆန္ဒ’ ကိုပယ်ရမည်။ စွဲမက်မှု ‘ရာဂ’ ကို ပယ်ရမည်။ လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’ကို ပယ်ရမည်။ အသံတို့သည် မမြဲကုန်၊ ထိုမမြဲသော အသံတို့၌ သင်တို့သည် လိုချင်မှု ‘ဆန္ဒ’ ကို ပယ်ရမည်။ စွဲမက်မှု ‘ရာဂ’ ကို ပယ်ရမည်။ လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’ကို ပယ်ရမည်။ အနံ့တို့သည် မမြဲကုန်၊ ထိုမမြဲသော အနံ့တို့၌ သင်တို့သည်လိုချင်မှု ‘ဆန္ဒ’ကို ပယ်ရမည်။ စွဲမက်မှု ‘ရာဂ’ ကို ပယ်ရမည်။ လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’ကို ပယ်ရမည်။ အရသာတို့သည် မမြဲ ကုန်၊ ထိုမမြဲသော အရသာတို့၌ သင်တို့သည် လိုချင်မှု ‘ဆန္ဒ’ ကို ပယ်ရမည်။ စွဲမက်မှု ‘ရာဂ’ ကို ပယ်ရမည်။ လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’ ကို ပယ်ရမည်။ အတွေ့အထိတို့သည် မမြဲကုန်၊ ထိုမမြဲသော အတွေ့အထိတို့၌ သင်တို့သည် လိုချင်မှု ‘ဆန္ဒ’ ကို ပယ်ရမည်။ စွဲမက်မှု ‘ရာဂ’ကို ပယ်ရမည်။ လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’ ကို ပယ်ရမည်။ သဘောတရားတို့သည် မမြဲကုန်၊ ထိုမမြဲသော သဘောတရားတို့၌ သင်တို့သည် လိုချင်မှု ‘ဆန္ဒ’ ကို ပယ်ရမည်။ စွဲမက်မှု ‘ရာဂ’ ကို ပယ်ရမည်။ လိုချင်စွဲမက်မှု’ဆန္ဒရာဂ’ကို ပယ်ရမည်။

ရဟန်းတို့ အကြင်တရားသည် မမြဲ၊ ထိုမမြဲသော တရား၌ သင်တို့သည် လိုချင်မှု ‘ဆန္ဒ’ ကို ပယ်ရမည်။ စွဲမက်မှု ‘ရာဂ’ ကို ပယ်ရမည်။ လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’ကို ပယ်ရမည်ဟု (မိန့်တော်မူ၏)။