သံယုတ္တနိကာယ်—၃၅

၂—ယမကဝဂ်

၆—ဒုတိယ နောစေအဿာဒသုတ်

၁၈။ ရဟန်းတို့ အကယ်၍ အဆင်းတို့၏ သာယာဖွယ် မရှိခဲ့ပါမူ သတ္တဝါတို့သည် အဆင်းတို့၌ မစွဲလမ်းကုန်ရာ၊ ရဟန်းတို့ အဆင်းတို့၌ သာယာဖွယ် ရှိနေခြင်းကြောင့်သာလျှင် သတ္တဝါတို့သည်အဆင်း တို့၌ စွဲလမ်းကုန်၏။ ရဟန်းတို့ အကယ်၍ အဆင်းတို့၏ အပြစ် မရှိခဲ့ပါမူ သတ္တဝါတို့သည်အဆင်းတို့၌ မငြီးငွေ့ကုန်ရာ၊ ရဟန်းတို့ အဆင်းတို့၏ အပြစ် ရှိနေခြင်းကြောင့်သာလျှင်သတ္တဝါတို့သည် အဆင်းတို့၌ ငြီးငွေ့ကုန်၏။ ရဟန်းတို့ အကယ်၍ အဆင်းတို့၏ ထွက်မြောက်ရာမရှိခဲ့ပါမူ သတ္တဝါတို့သည် အဆင်းတို့ မှ မထွက်မြောက်နိုင်ကုန်ရာ၊ ရဟန်းတို့ အဆင်းတို့၏ထွက်မြောက်ရာ ရှိနေခြင်းကြောင့်သာလျှင် သတ္တဝါ တို့သည် အဆင်းတို့မှ ထွက်မြောက်နိုင်ကုန်၏။

ရဟန်းတို့ အကယ်၍ အသံတို့၏။ အနံ့တို့၏။ အရသာ တို့၏။ အတွေ့အထိတို့၏။ သဘောတရားတို့၏သာယာဖွယ်သည် မရှိခဲ့ပါမူ သတ္တဝါတို့သည် သဘော တရားတို့၌ မစွဲလမ်းကုန်ရာ၊ ရဟန်းတို့သဘောတရားတို့၏ သာယာဖွယ် ရှိနေခြင်းကြောင့်သာလျှင် သတ္တဝါတို့သည် သဘောတရားတို့၌ စွဲလမ်းကုန်၏။ ရဟန်းတို့ အကယ်၍ သဘောတရားတို့၏ အပြစ် မရှိခဲ့ပါမူ သတ္တဝါတို့သည်သဘောတရားတို့၌ မငြီးငွေ့ကုန်ရာ၊ ရဟန်းတို့ သဘောတရားတို့၏ အပြစ် ရှိနေခြင်းကြောင့်သာလျှင်သတ္တဝါတို့သည် သဘောတရားတို့၌ ငြီးငွေ့ကုန်၏။ ရဟန်းတို့ အကယ်၍ သဘောတရားတို့၏ထွက်မြောက်ရာ မရှိခဲ့ပါမူ သတ္တဝါတို့သည် သဘောတရားတို့မှ မထွက်မြောက်နိုင် ကုန်ရာ၊ ရဟန်းတို့သဘောတရားတို့၏ ထွက်မြောက်ရာ ရှိနေခြင်းကြောင့်သာလျှင် သတ္တဝါတို့သည် သဘောတရားတို့မှထွက်မြောက်နိုင်ကုန်၏။

ရဟန်းတို့ သတ္တဝါတို့သည် ဤခြောက်ပါးကုန်သောကိုယ်ပဖြစ် တည်ရာ ‘ဗာဟိရာယတန’တို့၏သာယာဖွယ်ကိုလည်း သာယာဖွယ်အားဖြင့် အပြစ်ကိုလည်း အပြစ်အားဖြင့် ထွက်မြောက်ရာကိုလည်းထွက် မြောက်ရာအားဖြင့်ဟုတ်တိုင်းမှန်စွာ မသိကြသေးသမျှ ကာလပတ်လုံး နတ် မာရ်နတ် ဗြဟ္မာနှင့်တကွ သော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောကမှကျွတ်လွတ် ကွေကင်း လွတ်ကင်းကြကုန်သည် ဖြစ်၍ (ကိလေသာ) အပိုင်းအခြား ကင်းသော စိတ်ဖြင့်မနေကြရကုန်။

ရဟန်းတို့ သတ္တဝါတို့သည် ဤခြောက်ပါးကုန်သောကိုယ်ပဖြစ် တည်ရာ ‘ဗာဟိရာယတန’တို့၏သာယာဖွယ်ကိုလည်း သာယာဖွယ်အားဖြင့် အပြစ်ကိုလည်း အပြစ်အားဖြင့် ထွက်မြောက်ရာကိုလည်းထွက် မြောက်ရာအားဖြင့်ဟုတ်တိုင်းမှန်စွာ သိပြီးသော အခါ၌ သာလျှင် နတ် မာရ်နတ် ဗြဟ္မာနှင့်တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောကမှ ကျွတ်လွတ်ကွေကင်း လွတ်ကင်းကြကုန်သည် ဖြစ်၍ (ကိလေသာ) အပိုင်းအခြား ကင်းသော စိတ်ဖြင့်နေကြရကုန်၏ဟု (မိန့် တော်မူ၏)။

ဆဋ္ဌသုတ်။