သံယုတ္တနိကာယ်—၃၅

(၁၇) ၂—သဋ္ဌိပေယျာလဝဂ်

၁၉—အဇ္ဈတ္တာတီတာနိစ္စသုတ်

၁၈၆။ ရဟန်းတို့ အတိတ်ဖြစ်သော မျက်စိသည် မမြဲ။ပ။ အတိတ်ဖြစ်သော လျှာသည် မမြဲ။ပ။ အတိတ်ဖြစ်သော စိတ်သည် မမြဲ။ ရဟန်းတို့ ဤသို့ မြင်သော အကြားအမြင်ရှိသောအရိယာတပည့်သည် မျက်စိ၌လည်း ငြီးငွေ့၏။ပ။ လျှာ၌လည်း ငြီးငွေ့၏။ပ။ စိတ်၌လည်း ငြီးငွေ့၏။ပ။ ငြီးငွေ့သော် စွဲမက်မှု ကင်း၏၊ စွဲမက်မှု ကင်းခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ်မြောက်သော် (ကိလေသာမှ) “လွတ်မြောက်ပြီ”ဟု အသိဉာဏ် ဖြစ်၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံး ပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ”ဟု သိ၏ဟု (မိန့်တော်မူ၏)။