သံယုတ္တနိကာယ်—၃၅

(၁၇) ၂—သဋ္ဌိပေယျာလဝဂ်

၄၉—၅၁—ဗာဟိရာတီတာဒိယံဒုက္ခသုတ်

၂၁၆—၂၁၈။ ရဟန်းတို့ အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော အဆင်းတို့သည် ဆင်းရဲဖြစ်ကုန်၏၊ ထိုဆင်းရဲသော အဆင်းသည် အတ္တ မဟုတ်၊ ထိုအတ္တမဟုတ်သော အဆင်းကို “ ဤအဆင်းသည် ငါ၏ဥစ္စာ မဟုတ်၊ ဤအဆင်းသည် ငါ မဟုတ်၊ ဤအဆင်းသည် ငါ၏ အတ္တ မဟုတ်”ဟု ဤသို့ထိုအဆင်းကိုဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။ပ။

အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော အသံတို့သည်။ အနံ့တို့သည်။ အရသာတို့သည်။ အတွေ့အထိတို့သည်။ သဘောတရားတို့သည် ဆင်းရဲဖြစ်ကုန်၏၊ ဆင်းရဲဖြစ်သော တရားသည် အတ္တ မဟုတ်၊ အတ္တမဟုတ်သော တရားကို “ ဤတရားသည် ငါ၏ ဥစ္စာ မဟုတ်၊ ဤတရားသည် ငါ မဟုတ်၊ ဤတရားသည် ငါ၏ အတ္တ မဟုတ်”ဟု ဤသို့ ထိုတရားကိုဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့်ရှုရမည်။ပ။ ဤသို့ မြင်သော။ပ။ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီဟု သိ၏ဟု (မိန့်တော်မူ၏)။