သံယုတ္တနိကာယ်—၃၅
(၁၇) ၂—သဋ္ဌိပေယျာလဝဂ်
၄၆—၄၈—ဗာဟိရာတီတာဒိယဒနတ္တသုတ်
၂၁၃—၂၁၅။ ရဟန်းတို့ အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော အဆင်းတို့သည် မမြဲကုန်၊ မမြဲသောထိုအဆင်းတို့သည် ဆင်းရဲ ဖြစ်ကုန်၏၊ ဆင်းရဲသော အဆင်းသည် အတ္တ မဟုတ်၊ အတ္တမဟုတ်သောအဆင်းကို “ ဤအဆင်းသည် ငါ၏ ဥစ္စာ မဟုတ်၊ ဤအဆင်းသည် ငါ မဟုတ်၊ ဤအဆင်းသည် ငါ၏အတ္တ မဟုတ်”ဟု ဤသို့ ထိုအဆင်းကိုဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။
အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော အသံတို့သည်။ အနံ့တို့သည်။ အရသာတို့သည်။ အတွေ့အထိတို့သည်။ အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော သဘောတရားတို့သည် အတ္တ မဟုတ်ကုန်၊ အတ္တမဟုတ်သော သဘောတရားကို “ ဤသဘောတရားသည် ငါ၏ ဥစ္စာ မဟုတ်၊ ဤသဘောတရားသည် ငါမဟုတ်၊ ဤသဘောတရားသည် ငါ၏ အတ္တ မဟုတ်”ဟု ဤသို့ ထိုသဘောတရားကိုဟုတ်တိုင်းမှန်စွာမှန်ကန်သော ပညာဖြင့် ရှုရမည်။ ဤသို့ မြင်သော။ပ။ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ်မရှိတော့ပြီဟု သိ၏ဟု (မိန့်တော်မူ၏)။