သံယုတ္တနိကာယ်—၃၅
(၁၈) ၃—သမုဒ္ဒဝဂ်
၇—ဥဒါယီသုတ်
၂၃၄။ အခါတစ်ပါး၌ အသျှင်အာနန္ဒာနှင့် အသျှင်ဥဒါယီတို့သည် ကောသမ္ဗီပြည် ဃောသိတာရုံ ကျောင်း၌ (သီတင်းသုံး) နေတော်မူကုန်၏၊ ထိုအခါ အသျှင်ဥဒါယီသည် ညနေချမ်းအခါ တစ်ပါးတည်းကိန်းအောင်းရာမှ ထခဲ့၍ အသျှင်အာနန္ဒာထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင်အာနန္ဒာနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီး၍ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် အသျှင်အာနန္ဒာအား ဤစကားကိုလျှောက်၏ —
ငါ့သျှင်အာနန္ဒာ “ ဤကိုယ်ကောင်သည် ဤအကြောင်းကြောင့်လည်း အတ္တ မဟုတ် “ဟု ဤကိုယ်ကောင်ကို မြတ်စွာဘုရားသည် အကြောင်း (နည်းပရိယာယ်) အမျိုးမျိုးဖြင့် ဟောတော်မူ ဖွင့်တော်မူပြတော် မူသကဲ့သို့ ဤအတူ “ဝိညာဏ်သည် ဤအကြောင်းကြောင့်လည်း အတ္တ မဟုတ်”ဟု ဤဝိညာဏ်ကို ပြော ကြားရန် ဟောပြောရန် ပညတ်ရန် ဖြစ်စေရန် ဖွင့်ပြရန် ခွဲခြားဝေဖန်ရန်ပေါ်လွင်အောင် ပြုရန် တတ် ကောင်းပါမည်လောဟု လျှောက်၏။
ငါ့သျှင်ဥဒါယီ “ ဤကိုယ်ကောင်သည် ဤအကြောင်းကြောင့်လည်း အတ္တ မဟုတ်”ဟု ဤကိုယ်ကောင်ကို မြတ်စွာဘုရားသည် အကြောင်း (နည်းပရိယာယ်) အမျိုးမျိုးဖြင့် ဟောတော်မူ ဖွင့်တော်မူ ပြတော်မူသကဲ့သို့ ဤအတူ “ဝိညာဏ်သည် ဤအကြောင်းကြောင့်လည်း အတ္တ မဟုတ်”ဟု ဤဝိညာဏ်ကိုပြောကြားရန် ဟောပြောရန် ပညတ်ရန် ဖြစ်စေရန် ဖွင့်ပြရန် ခွဲခြားဝေဖန်ရန် ပေါ်လွင်အောင် ပြုရန်တတ်ကောင်း၏။
ငါ့သျှင် မျက်စိကိုလည်းကောင်း၊ အဆင်းတို့ကိုလည်းကောင်း စွဲ၍ စက္ခုဝိညာဏ်သည် ဖြစ်သည်မဟုတ်လော။ ငါ့သျှင်ဟုတ်ပါ၏။ ငါ့သျှင် စက္ခုဝိညာဏ်ဖြစ်ပေါ်မှု၏ အကြောင်းအထောက်အပံ့သည် ရှိ၏၊ ထိုအကြောင်းအထောက်အပံ့သည်ပင် အလုံးစုံ အချင်းခပ်သိမ်း အကြွင်းမဲ့ ချုပ်ငြိမ်းခဲ့မူ စက္ခုဝိညာဏ်သည်ထင်ရှားနိုင်ပါဦးမည်လော။ ငါ့သျှင် မထင်ရှားနိုင်ပါ။ ငါ့သျှင် ဤသို့သော ပရိယာယ်အားဖြင့်လည်း “ ဤ့ဝိညာဏ်သည် ဤအကြောင်းကြောင့်လည်း အတ္တ မဟုတ်”ဟု မြတ်စွာဘုရားသည် ဟောတော်မူဖွင့်တော်မူ ပြတော်မူအပ်ပေ၏။ပ။
ငါ့သျှင် လျှာကိုလည်းကောင်း၊ အရသာတို့ကိုလည်းကောင်း စွဲ၍ ဇိဝှါဝိညာဏ်သည် ဖြစ်သည်မဟုတ်လော။ ငါ့သျှင်ဟုတ်ပါ၏။ ငါ့သျှင် ဇိဝှါဝိညာဏ်ဖြစ်ပေါ်မှု၏ အကြောင်းအထောက်အပံ့သည် ရှိ၏၊ ထိုအကြောင်းအထောက်အပံ့သည်ပင် အလုံးစုံ အချင်းခပ်သိမ်း အကြွင်းမဲ့ ချုပ်ငြိမ်းခဲ့မူ ဇိဝှါဝိညာဏ်သည်ထင်ရှားနိုင်ပါဦးမည်လော။ ငါ့သျှင် မထင်ရှားနိုင်ပါ။ ငါ့သျှင် ဤသို့သော ပရိယာယ်အားဖြင့်လည်း “ ဤဝိညာဏ်သည် ဤအကြောင်းကြောင့်လည်း အတ္တ မဟုတ်”ဟု မြတ်စွာဘုရားသည် ဟောတော်မူဖွင့်တော်မူ ပြတော်မူအပ်ပေ၏။ပ။
ငါ့သျှင် စိတ်ကိုလည်းကောင်း၊ သဘောတရားတို့ကိုလည်းကောင်း စွဲ၍ မနောဝိညာဏ်သည် ဖြစ်သည်မဟုတ်လော။ ငါ့သျှင်ဟုတ်ပါ၏။ ငါ့သျှင် မနောဝိညာဏ်ဖြစ်ပေါ်မှု၏ အကြောင်းအထောက်အပံ့သည် ရှိ၏၊ ထိုအကြောင်းအထောက်အပံ့သည်ပင် အလုံးစုံ အချင်းခပ်သိမ်း အကြွင်းမဲ့ ချုပ်ငြိမ်းခဲ့မူ မနောဝိညာဏ်သည် ထင်ရှားနိုင်ပါဦးမည်လော။ ငါ့သျှင် မထင်ရှားနိုင်ပါ။ ငါ့သျှင် ဤသို့သော ပရိယာယ်အားဖြင့်လည်း” ဤဝိညာဏ်သည် ဤအကြောင်းကြောင့်လည်း အတ္တ မဟုတ်”ဟု မြတ်စွာဘုရားသည် ဟောတော်မူ ဖွင့်တော်မူ ပြတော်မူအပ်ပေ၏။
ငါ့သျှင် ဥပမာသော်ကား အနှစ်ကို အလိုရှိ၍ အနှစ်ကို ရှာလေ့ရှိသော ယောကျာ်းသည် အနှစ်ရှာသွားသည်ရှိသော် ထက်လှစွာသော ဓားကို ယူပြီးလျှင် တောသို့ ဝင်ရာ၏၊ ထိုယောကျာ်းသည်ထိုတော ၌ ဖြောင့်သော သစ်လွင်သော အနှစ် မရှိသော ငှက်ပျောတုံးကြီးကို တွေ့လေရာ၏၊ ငှက်ပျောတုံးကို အရင်း၌ ဖြတ်ရာ၏၊ အရင်း၌ ဖြတ်ပြီးလျှင် အဖျား၌ ဖြတ်ရာ၏၊ အဖျား၌ ဖြတ်ပြီးလျှင်ငှက်ပျောပတ်ကို ခွါရာ၏၊ ထိုသူသည် ငှက်ပျောတုံး၌ အကာမျှကိုလည်း မရရာ၊ အဘယ်မှာ အနှစ်ကိုရမည်နည်း။
ငါ့သျှင် ဤအတူ ရဟန်းသည် တွေ့ထိမှု၏ တည်ရာ ‘ဖဿာယတန’ ခြောက်ပါးတို့၌ အတ္တဟုလည်းမရှု၊ အတ္တနှင့် စပ်သော အရာဟုလည်း မရှု၊ ဤသို့ မရှုသည်ရှိသော် ထိုရဟန်းသည် လောက၌ အဘယ်ရာကိုမျှ မစွဲလမ်း၊ မစွဲလမ်းသော် မတောင့်တ၊ မတောင့်တသော် ယခုဘဝ၌ ပင် ငြိမ်းအေး၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ”ဟု သိ၏ဟု (မိန့်ဆို၏)။
သတ္တမသုတ်။