သံယုတ္တနိကာယ်—၃၅
၅—သဗ္ဗအနိစ္စဝဂ်
၁—၉—အနိစ္စစသောကိုးသုတ်
၄၃။ သာဝတ္ထိနိဒါန်း။ ထိုအခါ။ပ။ ရဟန်းတို့ အလုံးစုံသည် မမြဲ။ ရဟန်းတို့ အဘယ်အလုံးစုံသည်မမြဲသနည်း။
ရဟန်းတို့ မျက်စိသည် မမြဲ၊ အဆင်းတို့သည် မမြဲကုန်၊ စက္ခုဝိညာဏ်စိတ်သည် မမြဲ၊ စက္ခုသမ္ဖဿသည် မမြဲ၊ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာသည်လည်း မမြဲ။ပ။ လျှာသည် မမြဲ၊ အရသာတို့သည် မမြဲကုန်၊ ဇိဝှါဝိညာဏ်သည် မမြဲ၊ ဇိဝှါသမ္ဖဿသည် မမြဲ၊ ဇိဝှါသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာသည်လည်း မမြဲ၊ကိုယ်သည် မမြဲ။ပ။ စိတ်သည် မမြဲ၊ သဘောတရားတို့သည်လည်း မမြဲကုန်၊ မနောဝိညာဏ်သည် မမြဲ၊ မနောသမ္ဖဿသည် မမြဲ၊ မနောသမ္ဖဿဟူသော အကြောင်းကြောင့်ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာသည်လည်း မမြဲ။
ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် မျက်စိ၌လည်း ငြီးငွေ့၏၊ အဆင်းတို့၌လည်း ငြီးငွေ့၏၊ စက္ခုဝိညာဏ်၌လည်း ငြီးငွေ့၏၊ စက္ခုသမ္ဖဿ၌လည်း ငြီးငွေ့၏၊ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာ၌လည်း ငြီးငွေ့၏။ပ။ စိတ်၌လည်း ငြီးငွေ့၏၊ သဘောတရားတို့၌လည်း ငြီးငွေ့၏၊ မနောဝိညာဏ်၌လည်း ငြီးငွေ့၏၊ မနောသမ္ဖဿ၌ ်လည်း ငြီးငွေ့၏၊ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခဒုက္ခ ဥပေက္ခာ၌လည်း ငြီးငွေ့၏၊ ငြီးငွေ့သော် တပ်မက်မှု ကင်း၏၊ တပ်မက်မှု ကင်းခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ်မြောက်သော် (ကိလေသာမှ) “လွတ်မြောက်ပြီ “ဟုအသိဉာဏ် ဖြစ် ပေါ်၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ မဂ်ကိစ္စကိုပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ “ဟု ပိုင်းခြား၍ သိ၏ဟု (မိန့်တော်မူ၏)။
ပဌမသုတ်။
၄၄။ ရဟန်းတို့ အလုံးစုံသည် ဆင်းရဲ၏။ပ။
ဒုတိယသုတ်။
၄၅။ ရဟန်းတို့ အလုံးစုံသည်ကိုယ်”အတ္တ” မဟုတ်။ပ။
တတိယသုတ်။
၄၆။ ရဟန်းတို့အလုံးစုံသည်သိအပ်သော တရားတည်း။ပ။
စတုတ္ထသုတ်။
၄၇။ ရဟန်းတို့ အလုံးစုံသည် ပိုင်ခြား၍ သိအပ်သော တရားတည်း။ပ။
ပဉ္စမသုတ်။
၄၈။ ရဟန်းတို့ အလုံးစုံသည် ပယ်အပ်သော တရားတည်း။ပ။
ဆဋ္ဌသုတ်။
၄၉။ ရဟန်းတို့ အလုံးစုံသည် မျက်မှောက်ပြုအပ်သော တရားတည်း။ပ။
သတ္တမသုတ်။
၅ဝ။ ရဟန်းတို့ အလုံးစုံသည် ထူးသော ဉာဏ်ဖြင့် ပိုင်းခြား၍ သိအပ်သော တရားတည်း။ပ။
အဋ္ဌမသုတ်၊
၅၁။ ရဟန်းတို့ အလုံးစုံသည် အနှိပ်စက်ခံရသော တရားတည်း။ပ။
နဝမသုတ်။