သံယုတ္တနိကာယ်—၃၅

(၆) ၁—အဝိဇ္ဇာဝဂ်

၃—သံယောဇနသမုဂ္ဓါတသုတ်

၅၅။ အသျှင်ဘုရား အဘယ်သို့ သိသူ အဘယ်သို့ မြင်သူအား သံယောဇဉ် ‘အနှောင်အဖွဲ့’ တရားတို့သည် ပယ်ခွါခြင်းသို့ ရောက်ကုန်သနည်း။

ရဟန်း မျက်စိကိုကိုယ် ‘အတ္တ’ မဟုတ်ဟု သိသူ မြင်သူအား သံယောဇဉ် ‘အနှောင်အဖွဲ့’ တရားတို့သည် ပယ်ခွါခြင်းသို့ ရောက်ကုန်၏။ အဆင်းတို့ကိုကိုယ် ‘အတ္တ’ မဟုတ်ဟု။ စက္ခုဝိညာဏ်ကို။ စက္ခု သမ္ဖဿကို။ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခဥပေက္ခာကိုကိုယ်’အတ္တ’ မဟုတ်ဟု သိသူ မြင်သူအား သံယောဇဉ်’အနှောင်အဖွဲ့’တရားတို့သည်ပယ်ခွါခြင်းသို့ ရောက် ကုန်၏။ နားကို။ နှာခေါင်းကို။ လျှာကို။ကိုယ်ကို။ စိတ်ကို။ သဘောတရားတို့ကို။ မနောဝိညာဏ်ကို။ မနောသမ္ဖဿကို။ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှုသုခ ဒုက္ခ ဥပေက္ခာကိုကိုယ် ‘အတ္တ’ မဟုတ်ဟု သိသူ မြင်သူအားသံယောဇဉ် ‘အနှောင်အဖွဲ့’ တရားတို့သည် ပယ်ခွါ ခြင်းသို့ ရောက်ကုန်၏။

ရဟန်း ဤသို့ သိသူ ဤသို့ မြင်သူအား သံယောဇဉ် ‘အနှောင်အဖွဲ့’ တရားတို့သည် ပယ်ခွါခြင်းသို့ရောက်ကုန်၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။