သံယုတ္တနိကာယ်—၃၅

(၉) ၄—ဆန္နဝဂ်

၅—ပုဏ္ဏသုတ်

၈၈။ ထိုအခါ အသျှင်ပုဏ္ဏသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင်။ပ။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် အသျှင်ပုဏ္ဏသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏— “အသျှင်ဘုရားတောင်းပန်ပါ၏၊ မြတ်စွာဘုရားထံမှ တပည့်တော်အား အကျဉ်းအားဖြင့် တရားကို ဟောတော်မူပါလော့၊ တပည့်တော်သည် မြတ်စွာဘုရား၏ ယင်းတရားတော်ကို နာကြားပြီးလျှင် တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့ ကပ်လျက် မမေ့မလျော့ လုံ့လရှိသည်ဖြစ်၍ (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိလျက် နေလိုပါ၏ “ဟု လျှောက်၏။

ပုဏ္ဏ အလိုရှိအပ် နှစ်သက်အပ် စိတ်နှလုံးကို ပွါးစေတတ်ကုန်သော ချစ်ခင်ဖွယ်သဘောရှိကုန်သောကာမနှင့် စပ်ယှဉ်ကုန်သော စွဲမက်အပ်ကုန်သော မျက်စိဖြင့် သိအပ်သော အဆင်းတို့သည် ရှိကုန်၏။ ပုဏ္ဏထိုအဆင်းကို ရဟန်းသည် အလွန်နှစ်သက်ခဲ့မူ စွဲလမ်းခဲ့မူ လွှမ်းမိုး၍ တည်ခဲ့မူ ထိုအဆင်းကို အလွန်နှစ်သက်သော စွဲလမ်းသော လွှမ်းမိုး၍ တည်သော ထိုရဟန်းအား နှစ်သက်မှု’တဏှာ’သည် ဖြစ်၏၊ နှစ်သက်မှု ‘တဏှာ’ ဖြစ်ပေါ်ခြင်းကြောင့် ဆင်းရဲ ဖြစ်ပေါ်၏ဟု (ငါဘုရား) ဟော၏။ပ။ ပုဏ္ဏ လျှာဖြင့်သိအပ်သော အရသာတို့သည် ရှိကုန်၏။ပ။ ပုဏ္ဏ အလိုရှိအပ် နှစ်သက်အပ် စိတ်နှလုံးကိုပွါးစေတတ်ကုန်သော ချစ်ခင် ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ယှဉ်ကုန်သော စွဲမက်အပ်ကုန်သောစိတ်ဖြင့် သိအပ်သော သဘော တရားတို့သည် ရှိကုန်၏။ ပုဏ္ဏ ထိုသဘောတရားတို့ကို ရဟန်းသည်အလွန်နှစ်သက်ခဲ့မူ စွဲလမ်းခဲ့မူ လွှမ်းမိုး၍ တည်ခဲ့မူ ထိုသဘောတရားကို အလွန်နှစ်သက်သောစွဲလမ်းသော လွှမ်းမိုး၍ တည်သော ထို ရဟန်းအား နှစ်သက်မှု’တဏှာ’သည် ဖြစ်၏၊ နှစ်သက်မှု’တဏှာ’ဖြစ်ပေါ်ခြင်းကြောင့် ဆင်းရဲ ဖြစ်ပေါ်၏ဟု ငါ ဟော၏။

ပုဏ္ဏ အလိုရှိအပ် နှစ်သက်အပ် စိတ်နှလုံးကို ပွါးစေတတ်ကုန်သော ချစ်ခင်ဖွယ်သဘောရှိကုန်သောကာမနှင့် စပ်ယှဉ်ကုန်သော စွဲမက်အပ်ကုန်သော မျက်စိဖြင့် သိအပ်သော အဆင်းတို့သည် ရှိကုန်၏။ ပုဏ္ဏထိုအဆင်းကို ရဟန်းသည် မနှစ်သက်ခဲ့မူ မစွဲလမ်းခဲ့မူ လွှမ်းမိုး၍ မတည်ခဲ့မူ ထိုအဆင်းကို မနှစ်သက်သော မစွဲလမ်းသော လွှမ်းမိုး၍ မတည်သော ထိုရဟန်းအား နှစ်သက်မှု’တဏှာ’ ချုပ်ငြိမ်း၏၊ နှစ်သက်မှု’တဏှာ’ ချုပ်ငြိမ်းခြင်းကြောင့် ဆင်းရဲ ချုပ်ငြိမ်း၏ဟု ငါ ဟော၏။ပ။ ပုဏ္ဏ အလိုရှိအပ် နှစ်သက်အပ်စိတ် နှလုံးကို ပွါးစေတတ်ကုန်သော ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ယှဉ်ကုန်သောစွဲမက်အပ်ကုန် သော စိတ်ဖြင့် သိအပ်ကုန်သော သဘောတရားတို့သည် ရှိကုန်၏၊ ပုဏ္ဏထိုသဘောတရားကို ရဟန်းသည် အလွန်မနှစ်သက်ခဲ့မူ မစွဲလမ်းခဲ့မူ လွှမ်းမိုး၍ မတည်ခဲ့မူထိုသဘောတရားကို အလွန်မနှစ်သက်သော မစွဲ လမ်းသော လွှမ်းမိုး၍ မတည်သော ထိုရဟန်းအားနှစ်သက်မှု’တဏှာ’ ချုပ်ငြိမ်း၏၊ နှစ်သက်မှု’တဏှာ’ ချုပ်ငြိမ်းခြင်းကြောင့် ဆင်းရဲ ချုပ်ငြိမ်း၏ဟု ငါဟော၏။

ပုဏ္ဏ ဤအကျဉ်းဖြစ်သော အဆုံးအမဖြင့် ငါဘုရား ဆုံးမအပ်ပြီးသော သင်သည် အဘယ်ဇနပုဒ်၌ နေမည်နည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား သုနာပရန္တမည်သော ဇနပုဒ်သည် ရှိပါ၏၊ ထိုဇနပုဒ်၌ တပည့်တော် နေပါမည်ဟု (လျှောက်၏)။

ပုဏ္ဏ သုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် ကြမ်းတမ်းကုန်၏၊ ခက်ထန်ကုန်၏။ ပုဏ္ဏသုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် သင့်ကို ဆဲရေးကြကုန်မူ ရေရွတ်ကြကုန်မူ သင်၏ စိတ်သည်အဘယ်သို့ ဖြစ်လိမ့်မည်နည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား တပည့်တော်အား သုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် ဆဲရေးကြကုန်မူ ရေရွတ်ကြကုန်မူ တပည့်တော်၏ စိတ်သည် ဤသို့ ဖြစ်ပါလတ္တံ့— “ ဤသုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် ကောင်းကြပေစွတကား၊ ဤသုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် အလွန် ကောင်းကြပေစွတကား။ ယင်းသို့ ကောင်းကြပေသောကြောင့် ငါ့အား ဤလူတို့သည် လက်ဖြင့် ပုတ်ခတ်မှုကို မပေးကြကုန်သေး”။ ဘုန်းတော်ကြီး တော်မူသော မြတ်စွာဘုရား ဤအခါ၌ ဤသို့ စိတ်ဖြစ်ပါလတ္တံ့၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား ဤအခါ၌ ဤသို့ စိတ်ဖြစ်ပါလတ္တံ့ဟု (လျှောက်၏)။

ပုဏ္ဏ သင့်အား သုနာပရ န္တတိုင်းသားဖြစ်သော လူတို့သည် လက်ဖြင့် ပုတ်ခတ်ကြကုန်မူ သင်၏စိတ်သည် အဘယ်သို့ ဖြစ်လိမ့်မည်နည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား တပည့်တော်အား သုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် လက်ဖြင့် ပုတ်ခတ်ကြကုန်မူ တပည့်တော်၏ စိတ်သည် ဤသို့ ဖြစ်ပါလတ္တံ့— “ ဤသုနာပရန္တတိုင်းသားဖြစ်သော လူတို့သည်ကောင်းကြပေစွတကား၊ ဤသုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် အလွန် ကောင်းကြပေစွတကား။ ယင်းသို့ ကောင်းကြပေသောကြောင့် ငါ့အား ဤလူတို့သည် ခဲဖြင့် မပစ်ခတ်ကြကုန်”။ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ဤအခါ၌ ဤသို့ စိတ်ဖြစ်ပါလတ္တံ့၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား ဤအခါ၌ ဤသို့ စိတ်ဖြစ်ပါလတ္တံ့ဟု (လျှောက်၏)။

ပုဏ္ဏ သင့်အား သုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် ခဲဖြင့် ပစ်ခတ်ကြကုန်မူ သင်၏ စိတ်သည်အဘယ်သို့ ဖြစ်လိမ့်မည်နည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား တပည့်တော်အား သုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် ခဲဖြင့် ပစ်ခတ်ကြကုန်မူတပည့်တော်၏ စိတ်သည် ဤသို့ ဖြစ်ပါလတ္တံ့—“ ဤသုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် ကောင်းကြပေစွတကား၊ ဤသုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် အလွန် ကောင်းကြပေစွတကား။ ယင်းသို့ကောင်းကြပေသောကြောင့် ငါ့အား ဤလူတို့သည် တုတ်ဖြင့် မရိုက်နှက်ကြကုန်”။ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ဤအခါ၌ ဤသို့ စိတ်ဖြစ်ပါလတ္တံ့၊ ကောင်းသော စကားကို ဆိုတော်မူတတ်သောမြတ်စွာဘုရား ဤအခါ၌ ဤသို့ စိတ်ဖြစ်ပါလတ္တံ့ဟု (လျှောက်၏)။

ပုဏ္ဏ သင့်အား သုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် တုတ်ဖြင့် ရိုက်နှက်ကြကုန်မူ သင်၏စိတ်သည် အဘယ်သို့ ဖြစ်လိမ့်မည်နည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား တပည့်တော်အား သုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် တုတ်ဖြင့် ရိုက်နှက်ကြကုန်မူ တပည့်တော်အား ဤသို့ စိတ်ဖြစ်ပါလတ္တံ့—“ ဤသုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် ကောင်းကြပေစွတကား၊ ဤသုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် အလွန် ကောင်းကြပေစွတကား။ ယင်းသို့ကောင်းကြပေသောကြောင့် ငါ့အား ဤလူတို့သည် ဓားဖြင့် မခုတ်ကြကုန်”။ ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရား ဤအခါ၌ ဤသို့ စိတ်ဖြစ်ပါလတ္တံ့၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား ဤအခါ၌ ဤသို့ စိတ်ဖြစ်ပါလတ္တံ့ဟု (လျှောက်၏)။

ပုဏ္ဏ သင့်အား သုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် ဓားဖြင့် ခုတ်ကြကုန်မူ သင်၏ စိတ်သည်အဘယ်သို့ ဖြစ်လိမ့်မည်နည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား တပည့်တော်အား သုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် ဓားဖြင့် ခုတ်ကြကုန်မူတပည့်တော်အား ဤသို့ စိတ်ဖြစ်ပါလတ္တံ့— “ ဤသုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် ကောင်းကြပေစွတကား၊ ဤသုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် အလွန် ကောင်းကြပေစွတကား။ ယင်းသို့ကောင်းကြပေသောကြောင့် ငါ့အား ဤလူတို့သည် ထက်လှစွာသော ဓားဖြင့် အသက်မှ မချကြကုန်”။ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ဤအခါ၌ ဤသို့ စိတ်ဖြစ်ပါလတ္တံ့၊ ကောင်းသော စကားကို့ဆိုတော်မူတတ်သော မြတ်စွာဘုရား ဤအခါ၌ ဤသို့ စိတ်ဖြစ်ပါလတ္တံ့ဟု (လျှောက်၏)။

ပုဏ္ဏ သင့်အား သုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် ထက်လှစွာသော ဓားဖြင့် အသက်မှချကြကုန်မူ သင်၏ စိတ်သည် အဘယ်သို့ ဖြစ်လိမ့်မည်နည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား တပည့်တော်အား သုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် ထက်လှစွာသော ဓားဖြင့်အသက်မှ ချကြကုန်မူ တပည့်တော်အား ဤသို့ စိတ်ဖြစ်ပါလတ္တံ့— “ခန္ဓာကိုယ်မှလည်းကောင်းအသက်မှလည်းကောင်း ငြီးငွေ့ကုန်သည် ရှက်နိုးကုန်သည် စက်ဆုပ်ကုန်သည် ဖြစ်၍ အသက်ကို ဆောင်တတ်သော ဓားလက်နက်ကို ရှာကြကုန်သော ထိုမြတ်စွာဘုရား၏ တပည့်သာဝကတို့သည် ရှိကုန်၏။ ထိုအသက်ကို ဆောင်တတ်သော ဓားလက်နက်ကို ငါသည် မရှာဖွေဘဲသာလျှင် ရအပ်၏”။ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ဤအခါ၌ ဤသို့ စိတ်ဖြစ်ပါလတ္တံ့၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား ဤအခါ၌ ဤသို့ စိတ်ဖြစ်ပါလတ္တံ့ဟု လျှောက်၏။

ပုဏ္ဏ ကောင်းပေစွ၊ ကောင်းပေစွ၊ ပုဏ္ဏ သင်သည် ဤသည်းခံမှု အအေးဓာတ်နှင့် ပြည့်စုံသည်ရှိ သော်သုနာပရန္တဇနပုဒ်၌ နေခြင်းငှါ စွမ်းနိုင်လတ္တံ့၊ ပုဏ္ဏ သင်သည် ယခု သွားရန် အချိန်ကို သိ၏၊ သွားရန်မှာသင်၏ အလိုအတိုင်းပင် ဖြစ်၏ဟု မိန့်တော်မူ၏။

ထိုအခါ အသျှင်ပုဏ္ဏသည် မြတ်စွာဘုရား၏ စကားတော်ကို အလွန်နှစ်သက်ဝမ်းမြောက်၍ နေရာမှထပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ အရိုအသေ ပြုလျက် အိပ်ရာနေရာကို သိုမှီသိမ်းဆည်းပြီးနောက်သပိတ်သင်္ကန်းကို ယူဆောင်၍ သုနာပရန္တဇနပုဒ်သို့ ဒေသစာရီ ကြွချီခဲ့၏၊ အစဉ်အတိုင်း ဒေသစာရီလှည့်လည်သည်ရှိသော် သုနာပရန္တဇနပုဒ်သို့ ဆိုက်ရောက်၏၊ ထိုသုနာပရန္တဇနပုဒ်၌ အသျှင်ပုဏ္ဏသည် (သီတင်းသုံး) နေတော်မူ၏။ ထို့နောက် အသျှင်ပုဏ္ဏသည် ထိုဝါတွင်း၌ ပင်လျှင် ဥပါသကာ ငါးရာတို့အားသရဏဂုံတည်သူ၏ အဖြစ်ကို ပြောကြားစေ၏၊ ထိုဝါတွင်း၌ ပင်လျှင် ဥပါသိကာမ ငါးရာတို့အား သရဏဂုံတည်သူ၏ အဖြစ်ကို ပြောကြားစေ၏။ ထိုဝါတွင်း၌ ပင်လျှင် ဝိဇ္ဇာသုံးပါးတို့ကို မျက်မှောက်ပြု၏၊ ထိုဝါတွင်း ၌ ပင်လျှင် ပရိနိဗ္ဗာန်ပြု၏။

ထိုအခါ များစွာသော ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကုန်၍ ။ပ။ တစ်ခုသော နေရာ၌ ထိုင်နေကြပြီးသော်— “အသျှင်ဘုရား ပုဏ္ဏမည်သော အမျိုးသားကို မြတ်စွာဘုရားသည် အကျဉ်းဖြစ်သောအဆုံးအမဖြင့် ဆုံးမတော်မူအပ်၏၊ ထိုပုဏ္ဏသည် သေဆုံးပါပြီ။ ထိုပုဏ္ဏ၏ လားရာဂတိကား အဘယ်ပါနည်း၊ တမလွန်ဘဝကား အဘယ်ပါနည်း”ဟု လျှောက်ကုန်၏။ ရဟန်းတို့ ပုဏ္ဏအမျိုးသားသည် ပညာရှိ၏၊ အမှန်ကို ဆိုလေ့ရှိ၏၊ တရားတော်အား လျော်သော အကျင့်ကိုလည်း ကျင့်လေ့ရှိ၏၊ တရားဟူသော အကြောင်းကြောင့်လည်း ငါဘုရားကို မပင်ပန်းစေခဲ့။ ရဟန်းတို့ ပုဏ္ဏအမျိုးသားသည်ပရိနိဗ္ဗာန်ပြုလေ ပြီဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။