သံယုတ္တနိကာယ်—၃၅

(၉) ၄—ဆန္နဝဂ်

၆—ဗာဟိယသုတ်

၈၉။ ထိုအခါ အသျှင်ဗာဟိယသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင်။ပ။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏—“အသျှင်ဘုရား မြတ်စွာဘုရားသည်တပည့်တော်အား အကျဉ်းအားဖြင့် တရားကို ဟောတော်မူစေလိုပါ၏၊ တပည့်တော်သည် မြတ်စွာဘုရား၏ယင်းတရားတော်ကို နာကြားပြီးလျှင် တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့ ကပ်လျက် မမေ့မလျော့လုံ့လရှိသည်ဖြစ်၍ (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိလျက် နေလိုပါ၏ “ဟု လျှောက်၏။

ဗာဟိယ ထိုအရာကို အဘယ်သို့ မှတ်ထင်ပါသနည်း။ မျက်စိသည် မြဲသလော၊ မမြဲသလော။ မမြဲပါအသျှင်ဘုရား။ မမြဲသော မျက်စိသည် ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။

မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော မျက်စိကို “ ဤမျက်စိသည် ငါ့ဥစ္စာ ဖြစ်၏၊ ဤမျက်စိသည် ငါ ဖြစ်၏၊ ဤမျက်စိသည် ငါ၏ကိုယ် ‘အတ္တ’တည်း”ဟု ရှုခြင်းငှါ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။ အဆင်းတို့သည် မြဲကုန်သလော၊ မမြဲကုန်သလော။ မမြဲကုန်ပါအသျှင်ဘုရား။ စက္ခုဝိညာဏ်သည်။ပ။ စက္ခုသမ္ဖဿသည်။ပ။ မနောသမ္ဖဿဟူသော အကြောင်းကြောင့်ဖြစ်ပေါ် လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည် မြဲသလော၊ မမြဲသလော။ မမြဲပါအသျှင်ဘုရား။ မမြဲသော ဝေဒနာသည် ဆင်းရဲလော၊ ချမ်းသာလော၊ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ဝေဒနာကို “ ဤဝေဒနာသည် ငါ့ဥစ္စာ ဖြစ်၏၊ ဤဝေဒနာသည် ငါဖြစ်၏၊ ဤဝေဒနာသည် ငါ၏ကိုယ် ‘အတ္တ’တည်း”ဟု ရှုခြင်းငှါသင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင် ဘုရား။

ဗာဟိယ ဤသို့ မြင်သော အကြားအမြင်ရှိသော အရိယာတပည့်သည် မျက်စိ၌လည်း ငြီးငွေ့၏၊ အဆင်းတို့၌လည်း ငြီးငွေ့၏၊ စက္ခုဝိညာဏ်၌လည်း ငြီးငွေ့၏၊ စက္ခုသမ္ဖဿ၌လည်း ငြီးငွေ့၏။ပ။ မနော သမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာ၌လည်းငြီးငွေ့၏၊ ငြီးငွေ့သော် စွဲမက်မှုကင်း၏၊ စွဲမက်မှုကင်းခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ်မြောက်သော် (ကိလေသာမှ) “လွတ်မြောက်ပြီ”ဟု အသိဉာဏ် ဖြစ်ပေါ်၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါတစ်ပါးသော ပြုဖွယ် မရှိတော့ပြီ”ဟု သိ၏ဟု (မိန့်တော်မူ၏)။

ထိုအခါ အသျှင်ဗာဟိယသည် မြတ်စွာဘုရား၏ စကားတော်ကို အလွန် နှစ်သက်ဝမ်းမြောက်၍ နေရာမှထကာ မြတ်စွာဘုရားကို အရိုအသေ ပြုလျက် ဖဲသွားလေ၏။ ထို့နောက် အသျှင်ဗာဟိယသည်တစ်ပါးတည်း ဆိတ်ငြိမ်ရာသို့ ကပ်လျက် မမေ့မလျော့ လုံ့လရှိသည်ဖြစ်၍ (နိဗ္ဗာန်) သို့ စေလွှတ်အပ်သောစိတ်ရှိလျက် နေသော် မကြာမီပင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်သော အမျိုးသားတို့ လိုလားတောင့်တအပ်သော အတုမရှိသော အကျင့်မြတ်၏ အဆုံးဖြစ်သော အရဟတ္တဖိုလ်ကို ယခုဘဝ၌ ပင်ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေရ၏။ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ်မရှိတော့ပြီ “ဟု သိ၏၊ အသျှင်ဗာဟိယသည် ရဟန္တာတို့တွင် တစ်ပါးအပါအဝင် ဖြစ်လေ၏။

ဆဋ္ဌသုတ်။