သံယုတ္တနိကာယ်—၃၅
(၉) ၄—ဆန္နဝဂ်
၈—ဒုတိယ ဧဇာသုတ်
၉၁။ ရဟန်းတို့ တဏှာသည် ရောဂါတည်း၊ တဏှာသည် အိုင်အမာတည်း၊ တဏှာသည် ငြောင့်တံသင်းတည်း။ ရဟန်းတို့ ထိုသို့ဖြစ်သောကြောင့် ငါဘုရားသည် “တဏှာ မရှိသည် ငြောင့်တံသင်း ကင်းသည်ဖြစ်၍ နေ၏။
ရဟန်းတို့ ထိုသို့ဖြစ်သောကြောင့် ရဟန်းသည်လည်း “တဏှာ မရှိသည် ငြောင့်တံသင်း ကင်းသည်ဖြစ်၍ နေလိုခဲ့မူ” မျက်စိကို အထင်မမှားရာ၊ မျက်စိ၌ အထင်မမှားရာ၊ မျက်စိမှ အထင်မမှားရာ၊ မျက်စိကို ငါ့ဥစ္စာဟု အထင်မမှားရာ။ အဆင်းတို့ကို အထင်မမှားရာ။ စက္ခုဝိညာဏ်ကို အထင်မမှားရာ။ စက္ခုသမ္ဖဿကို အထင်မမှားရာ။ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှုသုခ ဒုက္ခ ဥပေက္ခာဝေဒနာကိုလည်း အထင်မမှားရာ၊ ထိုဝေဒနာ၌လည်း အထင်မမှားရာ၊ ထိုဝေဒနာမှလည်း အထင်မမှားရာ၊ ထိုဝေဒနာကို ငါ့ဥစ္စာဟုလည်း အထင်မမှားရာ။
ရဟန်းတို့ အကြင်မျက်စိစသည်ကို အထင်မှား၏၊ အကြင်မျက်စိစသည်၌ အထင်မှား၏၊ အကြင်မျက်စိစသည်မှ အထင်မှား၏၊ အကြင်မျက်စိစသည်ကို ငါ့ဥစ္စာဟု အထင်မှား၏။ ထိုအထင်မှားခံရသောမျက်စိစသည်သည် ထိုထင်မြင်ယူဆချက်မှ တစ်မျိုးတစ်ဖုံအားဖြင့် ဖြစ်လေ့ရှိသည် ဖြစ်၍ ဘဝတို့၌ ငြိကပ်တတ်သော သတ္တဝါအပေါင်းသည် ဘဝကိုသာလျှင် နှစ်သက်၏။ပ။
လျှာကို အထင်မမှားရာ၊ လျှာ၌ အထင်မမှားရာ၊ လျှာမှ အထင်မမှားရာ၊ လျှာကို ငါ့ဥစ္စာဟုအထင်မမှားရာ။ အရသာတို့ကို အထင်မမှားရာ။ ဇိဝှါဝိညာဏ်ကို အထင်မမှားရာ။ ဇိဝှါသမ္ဖဿကို အထင်မမှားရာ။ ဇိဝှါသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခဥပေက္ခာဝေဒနာကိုလည်း အထင်မမှားရာ၊ ထိုဝေဒနာ၌လည်း အထင်မမှားရာ၊ ထိုဝေဒနာမှလည်းအထင်မမှားရာ၊ ထို ဝေဒနာကို ငါ့ဥစ္စာဟုလည်း အထင်မမှားရာ။
ရဟန်းတို့ အကြင်လျှာစသည်ကို အထင်မှား၏၊ အကြင်လျှာစသည်၌ အထင်မှား၏၊ အကြင်လျှာစသည်မှ အထင်မှား၏၊ အကြင်လျှာစသည်ကို ငါ့ဥစ္စာဟု အထင်မှား၏။ ထိုအထင်မှားခံရသောလျှာစသည်သည် ထိုထင်မြင်ယူဆချက်မှ တစ်မျိုးတစ်ဖုံအားဖြင့် ဖြစ်တတ်၏၊ တစ်မျိုးတစ်ဖုံအားဖြင့်ဖြစ်လေ့ရှိသည် ဖြစ်၍ ဘဝတို့၌ ငြိကပ်တတ်သော သတ္တဝါအပေါင်းသည် ဘဝကိုသာလျှင် နှစ်သက်၏။ပ။
စိတ်ကို အထင်မမှားရာ၊ စိတ်၌ အထင်မမှားရာ၊ စိတ်မှ အထင်မမှားရာ၊ စိတ်ကို ငါ့ဥစ္စာဟုအထင်မမှားရာ။ မနောဝိညာဏ်ကို အထင်မမှားရာ။ မနောသမ္ဖဿကို အထင်မမှားရာ။ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာကိုလည်း အထင်မမှားရာ၊ ထိုဝေဒနာ၌လည်း အထင်မမှားရာ၊ ထိုဝေဒနာမှလည်း အထင်မမှားရာ၊ ထိုဝေဒနာကို ငါ့ဥစ္စာဟုလည်းအထင်မမှားရာ။
ရဟန်းတို့ အကြင်စိတ်စသည်ကို အထင်မှား၏၊ အကြင်စိတ်စသည်၌ အထင်မှား၏၊ အကြင်စိတ်စသည်မှ အထင်မှား၏၊ အကြင်စိတ်စသည်ကို ငါ့ဥစ္စာဟု အထင်မှား၏။ ထိုအထင်မှား ခံရသော စိတ်စသည်သည် ထိုထင်မြင်ယူဆချက်မှ တစ်မျိုးတစ်ဖုံအားဖြင့် ဖြစ်တတ်၏၊ တစ်မျိုးတစ်ဖုံအားဖြင့် ဖြစ်လေ့ရှိသည်ဖြစ်၍ ဘဝတို့၌ ငြိကပ်တတ်သော သတ္တဝါအပေါင်းသည် ဘဝကိုသာလျှင် နှစ်သက်၏။
ရဟန်းတို့ ခန္ဓာ ဓာတ် အာယတနရှိသမျှကိုလည်း အထင်မမှားရာ၊ ခန္ဓာ ဓာတ် အာယတနရှိသမျှ၌လည်း အထင်မမှားရာ၊ ခန္ဓာ ဓာတ် အာယတနရှိသမျှမှလည်း အထင်မမှားရာ၊ ခန္ဓာ ဓာတ် အာယတနရှိသမျှကို ငါ့ဥစ္စာဟုလည်း အထင်မမှားရာ။ ဤသို့ အထင်မမှားသော ထိုရဟန်းသည် လောက၌ အဘယ်အရာကိုမျှ မစွဲလမ်း၊ မစွဲလမ်းသည်ရှိသော် မတောင့်တ၊ မတောင့်တသော် ယခုဘဝ၌ ပင် ငြိမ်းအေး၏။
“ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါတစ်ပါးသော ပြုဖွယ် မရှိတော့ပြီ “ဟု (မိန့်တော်မူ၏)။
အဋ္ဌမသုတ်။