သံယုတ္တနိကာယ်—၃၇

၁—ပဌမ ပေယျာလဝဂ်

၁—မာတုဂါမသုတ်

၂၈ဝ။ ရဟန်းတို့ အင်္ဂါငါးမျိုးတို့နှင့် ပြည့်စုံသော မာတုဂါမသည် ယောကျာ်းကို ဧကန် မနှစ်သက်စေနိုင်သူ ဖြစ်၏။ အဘယ်ငါးမျိုးတို့နည်း၊ အဆင်းရှိသူလည်း မဟုတ်၊ စည်းစိမ်ဥစ္စာရှိသူလည်း မဟုတ်၊ ကိုယ်ကျင့် ‘သီလ’ ရှိသူလည်း မဟုတ်၊ ပျင်းရိသူလည်း ဖြစ်၏၊ သားသမီး မရသူလည်း ဖြစ်၏။ ရဟန်းတို့ ဤအင်္ဂါငါးမျိုးတို့နှင့် ပြည့်စုံသော မာတုဂါမသည် ယောကျာ်းကို ဧကန် မနှစ်သက်စေနိုင်သူ ဖြစ်၏။

ရဟန်းတို့ ဤအင်္ဂါငါးမျိုးတို့နှင့် ပြည့်စုံသော မာတုဂါမသည် ယောကျာ်းကို ဧကန် နှစ်သက်စေနိုင်သူဖြစ်၏။ အဘယ်ငါးမျိုးတို့နည်း၊ အဆင်းရှိသူလည်း ဖြစ်၏၊ စည်းစိမ်ဥစ္စာရှိသူလည်း ဖြစ်၏၊ ကိုယ်ကျင့် ‘ သီလ ‘ ရှိသူလည်း ဖြစ်၏၊ လိမ္မာ၍ မပျင်းရိသူလည်း ဖြစ်၏၊ သားသမီးရသူလည်း ဖြစ်၏။

ရဟန်းတို့ ဤအင်္ဂါငါးမျိုးတို့နှင့် ပြည့်စုံသော မာတုဂါမသည် ယောကျာ်းကို ဧကန် နှစ်သက်စေနိုင်သူ ဖြစ်၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။