သံယုတ္တနိကာယ်—၃၇
၃—ဗလဝဂ်
၈—ဌာနသုတ်
၃၁၁။ ရဟန်းတို့ ကောင်းမှုကို မပြုခဲ့ဖူးသော မာတုဂါမသည် ဤငါးဌာနတို့ကို ရနိုင်ခဲကုန်၏။
အဘယ်ငါးဌာနတို့နည်း—ိံရဟန်းတို့ ကောင်းမှု မပြုခဲ့ဖူးသော မာတုဂါမသည် သင့်လျော်သော အမျိုး၌ ဖြစ်လို၏ဟူသော ဤပဌမဌာနကို ရနိုင်ခဲ၏၊ ရဟန်းတို့ ကောင်းမှု မပြုခဲ့ဖူးသော မာတုဂါမသည် သင့်လျော်သော အမျိုး၌ ဖြစ်၍ သင့်လျော်သော အမျိုးသို့ ရောက်လို၏ဟူသော ဤဒုတိယဌာနကို ရနိုင်ခဲ၏၊ ရဟန်းတို့ ကောင်းမှုမပြုခဲ့ဖူးသော မာတုဂါမသည် သင့်လျော်သော အမျိုး၌ ဖြစ်၍ သင့်လျော်သော အမျိုးသို့ ရောက်ပြီးလျှင်ရန်သူ (လင်တူမယား) မရှိဘဲ အိမ်၌ နေလို၏ဟူသော ဤတတိယဌာနကို ရနိုင်ခဲ၏၊ ရဟန်းတို့ ကောင်းမှုမပြုခဲ့ဖူးသော မာတုဂါမသည် သင့်လျော်သော အမျိုး၌ ဖြစ်၍ သင့်လျော်သော အမျိုးသို့ ရောက်ပြီးလျှင်ရန်သူ (လင်တူမယား) မရှိဘဲ အိမ်၌ နေရသည် ဖြစ်၍ သားသမီးရှိသူ ဖြစ်လို၏ဟူသော ဤစတုတ္ထဌာနကိုရနိုင်ခဲ၏၊ ရဟန်းတို့ ကောင်းမှု မပြုခဲ့ဖူးသော မာတုဂါမသည် သင့်လျော်သော အမျိုး၌ ဖြစ်၍ သင့်လျော်သော အမျိုးသို့ ရောက်ပြီးလျှင် ရန်သူ (လင်တူမယား) မရှိဘဲ အိမ်၌ နေရသည် ဖြစ်၍ သားသမီးရှိသူဖြစ်လျက် လင်ကို လွှမ်းမိုး၍ ဖြစ်လို၏ဟူသော ဤပဉ္စမဌာနကို ရနိုင်ခဲ၏။ ရဟန်းတို့ ကောင်းမှု မပြုခဲ့ဖူးသော မာတုဂါမသည် ဤငါးဌာနကို ရနိုင်ခဲ၏။
ရဟန်းတို့ ကောင်းမှုကို ပြုခဲ့ဖူးသော မာတုဂါမသည် ဤငါးဌာနတို့ကို ရလွယ်၏။ အဘယ်ငါးဌာနတို့နည်း—ိံရဟန်းတို့ကောင်းမှု ပြုခဲ့ဖူးသော မာတုဂါမသည်သင့်လျော်သော အမျိုး၌ ဖြစ်လို၏ဟူသော ဤပဌမဌာနကို ရလွယ်၏၊ ရဟန်းတို့ ကောင်းမှု ပြုခဲ့ဖူးသော မာတုဂါမသည် သင့်လျော်သော အမျိုး၌ ဖြစ်၍ သင့်လျော်သော အမျိုးသို့ ရောက်လို၏ဟူသော ဤဒုတိယဌာနကို ရလွယ်၏၊ ရဟန်းတို့ ကောင်းမှုပြုခဲ့ဖူး သော မာတုဂါမသည် သင့်လျော်သော အမျိုး၌ ဖြစ်၍ သင့်လျော်သော အမျိုးသို့ ရောက်ပြီးလျှင်ရန်သူ (လင်တူမယား) မရှိဘဲ အိမ်၌ နေလို၏ဟူသော ဤတတိယဌာနကို ရလွယ်၏၊ ရဟန်းတို့ကောင်းမှု ပြုခဲ့ ဖူးသော မာတုဂါမသည် သင့်လျော်သော အမျိုး၌ ဖြစ်၍ သင့်လျော်သော အမျိုးသို့ရောက်ပြီးလျှင် ရန်သူ (လင်တူမယား) မရှိဘဲ အိမ်၌ နေရသည် ဖြစ်၍ သားသမီးရှိသူ ဖြစ်လို၏ဟူသော ဤစတုတ္ထဌာနကို ရလွယ်၏၊ ရဟန်းတို့ ကောင်းမှု ပြုခဲ့ဖူးသော မာတုဂါမသည် သင့်လျော်သော အမျိုး၌ ဖြစ်၍ သင့်လျော် သော အမျိုးသို့ ရောက်ပြီးလျှင် ရန်သူ (လင်တူမယား) မရှိဘဲ အိမ်၌ နေရသည် ဖြစ်၍ သားသမီးရှိသူ ဖြစ်လျက် လင်ကို လွှမ်းမိုး၍ ဖြစ်လို၏ဟူသော ဤပဉ္စမဌာနကို ရလွယ်၏။ ရဟန်းတို့ကောင်းမှု ပြုခဲ့ဖူး သော မာတုဂါမသည် ဤငါးဌာနတို့ကို ရလွယ်၏ဟု (မိန့်တော်မူ၏)။
အဋ္ဌမသုတ်။