သံယုတ္တနိကာယ်—၃၇
၁—ပဌမ ပေယျာလဝဂ်
၄—တီဟိ ဓမ္မေဟိသုတ်
၂၈၃။ ရဟန်းတို့ တရားသုံးမျိုးတို့နှင့် ပြည့်စုံသော မာတုဂါမသည် များသောအားဖြင့် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ပျက်စီးကျရောက်ရာဖြစ်သော ငရဲသို့ ရောက်ရ၏။
အဘယ်သုံးမျိုးတို့နည်း၊ ရဟန်းတို့ ဤလောက၌ မာတုဂါမသည် နံနက်အခါ ဝန်တိုမှု ‘မစ္ဆေရ’အညစ်အကြေး ထကြွသောင်းကျန်းသော စိတ်ဖြင့် အိမ်၌ နေ၏၊ နေ့လယ်အခါ ငြူစူမှု ‘ဣဿာ’ ထကြွသောင်းကျန်းသော စိတ်ဖြင့် အိမ်၌ နေ၏၊ ညချမ်းအခါ အလိုရမ္မက် ‘ကာမရာဂ’ ထကြွသောင်းကျန်းသောစိတ်ဖြင့် အိမ်၌ နေ၏။
ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသော မာတုဂါမသည် များသောအားဖြင့် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းရာ မကောင်းသော လားရာ ပျက်စီးကျရောက်ရာ ငရဲသို့ရောက်ရ၏ဟု (မိန့်တော်မူ၏)။
စတုတ္ထသုတ်။