သံယုတ္တနိကာယ်—၃၇

၁—ပဌမ ပေယျာလဝဂ်

၃—အာဝေဏိကဒုက္ခသုတ်

၂၈၂။ ရဟန်းတို့ မာတုဂါမ၏ သီးခြားဖြစ်သော ဆင်းရဲတို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးတို့နည်း၊ မာတုဂါမသည် ယောကျာ်းတို့နှင့် မသက်ဆိုင်သော ယင်းဆင်းရဲတို့ကို သီးသန့်ခံစားရ၏။

ရဟန်းတို့ ဤလောက၌ မာတုဂါမသည် ငယ်ရွယ်စဉ်ကပင်လျှင် လင့်အိမ်သို့ လိုက်သွားရ၏၊ ဆွေမျိုးတို့နှင့် ခွဲခွာနေရ၏။ ရဟန်းတို့ ဤကား မာတုဂါမ၏ ပဌမ သီးခြားဆင်းရဲတည်း၊ မာတုဂါမသည်ယောကျာ်းတို့နှင့် မသက်ဆိုင်သော ယင်းဆင်းရဲကို သီးသန့်ခံစားရ၏။

ရဟန်းတို့ နောက်တစ်မျိုးကား မာတုဂါမသည် ဥတုလာရ၏။ ရဟန်းတို့ ဤကား မာတုဂါမ၏ ဒုတိယ သီးခြားဆင်းရဲတည်း၊ မာတုဂါမသည် ယောကျာ်းတို့နှင့် မသက်ဆိုင်သော ယင်းဆင်းရဲကို သီးသန့်ခံစားရ၏။

ရဟန်းတို့ နောက်တစ်မျိုးကား မာတုဂါမသည် ကိုယ်ဝန်ဆောင်ရ၏။ ရဟန်းတို့ ဤကား မာတုဂါမ၏ တတိယ သီးခြားဆင်းရဲတည်း၊ မာတုဂါမသည် ယောကျာ်းတို့နှင့် မသက်ဆိုင်သော ယင်းဆင်းရဲကိုသီးသန့်ခံစားရ၏။

ရဟန်းတို့ နောက်တစ်မျိုးကား မာတုဂါမသည် သားဖွားရ၏။ ရဟန်းတို့ ဤကား မာတုဂါမ၏ စတုတ္ထ သီးခြားဆင်းရဲတည်း၊ မာတုဂါမသည် ယောကျာ်းတို့နှင့် မသက်ဆိုင်သော ယင်းဆင်းရဲကို သီးသန့်ခံစားရ၏။

ရဟန်းတို့ နောက်တစ်မျိုးကား မာတုဂါမသည် ယောကျာ်း၏ အလုပ်အကျွေးအဖြစ်သို့ ရောက်ရ၏။

ရဟန်းတို့ ဤကား မာတုဂါမ၏ ပဉ္စမ သီးခြားဆင်းရဲတည်း၊ မာတုဂါမသည် ယောကျာ်းတို့နှင့် မသက်ဆိုင်သော ယင်းဆင်းရဲကို သီးသန့်ခံစားရ၏။

ရဟန်းတို့ မာတုဂါမ၏ သီးခြားဖြစ်သော ဆင်းရဲတို့ကား ဤငါးပါးတို့တည်း။ မာတုဂါမသည်ယောကျာ်းတို့နှင့် မသက်ဆိုင်သော ယင်းဆင်းရဲကို သီးခြားခံစားရ၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။